ချီဖွေဒေသ KIA တပ်ရင်း ၁၀ သို့ အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းထိုးစစ်ဆင်

ချီဖွေဒေသ KIA တပ်ရင်း ၁၀ သို့ အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းထိုးစစ်ဆင်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၁) ဒေသ လက်အောက်ခံ တပ်ရင်း (၁၀) တွင် အစိုးရတပ်နှင့်နယ်ခြားစောင့်တပ်များပူးပေါင်း၍ သြဂုတ်လ ၁၇ ရက်နေ့တွင် ထိုးစစ်ဆင်ရာ ယနေ့နံနက်ပိုင်းအထိ ထပ်မံဖြစ်ပွားနေကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်ရင်း (၁၀) နယ်မြေ ၅၉ မိုင်တွင် အစိုးရတပ်ရင်း ခမရ ၅၀၁ နှင့် ဦးဇခုန်တိန့်ယိန်းဖွဲ့စည်းထားသော ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K နယ်ခြားစောင့်တပ်ပူးပေါင်း အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIO ဌာနချုပ်မှအတည်ပြုသည်။

ndak-border-guard-force

သြဂုတ်လ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲသည် နံနက် ရ နာရီမှ ညနေ ၄ နာရီခန့်ထိ အပြန်အလှန် ပြင်းထန်စွာ  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရဖက်မှ အထိနာသွားခဲ့သည်ဟု တပ်ခွဲမှူး ဇော်ဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစိုးရ နဲ့ နယ်ခြားစောင့်တပ်တွေစုပေါင်းပြီး အင်အား ၂၅၀ ကျော်နဲ့ တပ်ရင်း ၁၀ ကို တနေ့လုံးထိုးစစ်ဆင်တာ မနိုင်တဲ့ ခါကျတော့ အားလုံး ပြန်နောက်ဆုတ်သွားတယ်။ သူတို့ဆီက   ၄၀ မမ ဗုံး နဲ့ အမ် ၂၄၊ အမ်- ၂၂ တို့  သိမ်းယူနိုင်ခဲ့တယ်လို့ကြားတယ်။ သူတို့ အလောင်းတွေ အားလုံး ၁၀ ယောက်ကျော် ထားခဲ့တယ်လို့ကြား တယ်။ အဲဒါ တချို့ နီးစပ်တဲ့ မိသားစုဝင်တွေက အဲဒီ အလောင်းတွေကို လာယူမယ်လို့ တပ်ရင်း ၁၀ မှာ ခွင့်တောင်းတယ်လို့ အကြောင်းကြားလာပါတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုများရှိသည်ဟု သိရသော်လည်း နှစ်ဖက် အတည်ပြုချက်မရသေးပါ။

အဆိုပါတိုက်ပွဲမဖြစ်ပွားမီ ထိုနယ်မြေများတွင် တပ်ချထားသော KIA တပ်များ အားလုံးကိုဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ထိုးစစ်ဆင်ပစ်ခတ်မည်ဟု အစိုးရဖက်မှ သတိပေးခဲ့သည်ဟု ဆိုသည်။ ထိုသို့ပြောဆိုပြီး ၂ ရက်အကြာတွင် နယ်ခြားစောင့်တပ်နှင့်ပူးပေါင်း၍ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွင်း ၄င်းနယ်မြေများတွင် တင်းမာမှုအခြေအနေများ လျှော့နေချိန်ဖြစ်သော်လည်း ချီဖွေနယ် မြေတွင်း တရုတ်အစိုးရနှင့် အစိုးရပူးပေါင်း၍ မေခမြစ်ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၂ ခုထက်မနည်း ရှိနေသောကြောင့် KIO ကိုရှောင်ရှားစေလိုခြင်းဖြစ်သည်ဟု KIAအရာရှိများကသုံးသပ်သည်။

အစိုးရတပ်များသည် မေခမြစ်တဖက်ကမ်း ၅၉ မိုင်အနီး တပ်ချထားခြင်းဖြစ်ပြီး တိုက်ပွဲများသည် ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

Most read this week