အမျိုးသမီးများ ‘အမျိုးသမီးအဖွဲ့လုပ်ငန်း’ တွင် ပါ၀င်လာရန် KIO အမျိုးသမီးအဖွဲ့ချုပ်မှ တိုက်တွန်း

အမျိုးသမီးများ ‘အမျိုးသမီးအဖွဲ့လုပ်ငန်း’ တွင် ပါ၀င်လာရန် KIO အမျိုးသမီးအဖွဲ့ချုပ်မှ တိုက်တွန်း
by -
ကချင်သတင်းဌာန

၃၅ နှစ်မြောက် KIO အမျိုးသမီးများနေ့ လိုင်ဇာမြို့တွင် ကျင်းပနေပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာမြို့တွင် ၃၅ နှစ်မြောက် KIO အမျိုးသမီးများနေ့ အခမ်းနားကို သြဂုတ် ၁၉ တနင်္လာနေ့က ကျင်းပခဲ့ရာ အမျိုးသမီးများ အမျိုးသမီးများအဖွဲ့၏ လုပ်ဆောင်ချက်လုပ်ငန်း များတွင် ပိုမိုနားလည်ပါ၀င်လာနိုင်ရန် KIO အမျိုးသမီးအဖွဲ့ချုပ်မှ တိုက်တွန်းလိုက်သည်။

တစုတနေရာတည်းတွင် စုဝေးနေသောအမျိုးသမီးများအား မိမိတို့ပါ၀င်နိုင်သော လုပ်ငန်းကဏ္ဍများကို သိရှိနားလည်ပြီး စိတ်ပါဝင်စားစွာဖြင့် အမျိုးသမီးဆိုင်ရာလုပ်ငန်းတာဝန်များကို အားကြိုးမာန်တက် ပါဝင် ထမ်းဆောင်လာနိုင်ရန် နှစ်ပတ်လည်အခမ်းနားကို ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

pic 0344 600 400

“အခုချိန်ဆို အမျိုးသမီးအများစုက စခန်းတွေမှာ နေထိုင်ကြတာများတယ်။ နှစ်စဉ်အထိမ်းအမှတ်နေ့လုပ်နေကျ ဖြစ်ပေမဲ့ အရင်က တပ်မတော်အစိုးရအဖွဲ့နဲ့နီးတော့ ရည်ရွယ်ထားသလောက် မလုပ်နိုင်ဘူး။ ဒီကဘာတွေလုပ် နေတယ်ဆိုတာကိုလည်း သိစေချင်တယ်။ ပြီးတော့ ၂ နှစ်တိုက်ပွဲအတွင်း အမျိုးသားတွေ ထိခိုက်ဒဏ်ရာ ရရှိပြီး စိတ်ခွန်အားဖြည့်ဖို့လိုအပ်နေတဲ့ အမျိုးသမီးတွေအတွက်ပါရည်ရွယ်ပြီး လုပ်တာပါ” ဟု KIO အမျိုးသမီး ရေး ရာအဖွဲ့ချုပ် စည်းရုံးရေးတာဝန်ခံ ဒေါ်ခေါင်ယန်းက ပြောသည်။

KIO အမျိုးသမီးရေးရာအဖွဲ့ချုပ်သည် အစိုးရနှင့် တိုက်ပွဲကာလအတွင်း ၄င်းတို့ဘက်မှ လှုပ်ရှားမှုအမျိုးမျိုးဖြင့် တတ်အားသမျှ ပါ၀င်ကူညီခဲ့ကြောင်း ဒေါ်ခေါင်ယန်း ဆက်ပြောသည်။

“တိုက်ပွဲစတင်လာတဲ့အချိန်ကစပြီး ကျွန်မတို့အမျိုးသမီးအဖွဲ့ဝင်တွေ အစည်းအဝေးတွေ အကြိမ်ကြိမ်ထိုင်ပြီး၊ ပံ့ပိုးနိုင်မယ့် ပါဝင်လို့ရတဲ့အပိုင်းတွေကို ဝိုင်းစဉ်းစားပြီးလုပ်ကြတယ်။ ပြီးတော့ ရှေ့တန်းစစ်သားတွေ အတွက် လိုအပ်တဲ့ အကူအညီပေးနိုင်အောင် ရန်ပုံငွေကိုနည်းလမ်းအမျိုးမျိုးရှာကြတာတို့၊ ဒါတင်မကဘူး အဖွဲ့အစည်း သစ်တွေကိုလည်းဖွဲ့ စည်းနိုင်ခဲ့တယ်၊ ပြောရင်တော့တအားကိုများတယ်။”

ဆက်လက်၍ ယခုအချိန်တွင်လည်း KIOမှ မူးယစ်ဆေးဝါးဆိုင်ရာ တိုက်ဖျက်မှုအစီအစဉ်များကို အပြင်းအထန် ဆောင်ရွက်လျက်ရှိရာ ၄င်းတွင်လည်း အမျိုးသမီးရေးရာအဖွဲ့မှ မူးယစ်ဆေးဝါးဆိုင်ရာအသိ ပညာပေးခြင်း၊ သတင်းပေးခြင်းနှင့် မူးယစ်ဆေးဝါးကြောင့် အချင်းများနေကြသော အိမ်ထောင်စုများအား အသိပညာပေးခြင်းတို့ကို တဆက်တည်းဆောင်ရွက်နေကြောင်းသိရသည်။

အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နှစ်စဉ်အဓိကဆောင်ရွက်သောလုပ်ငန်းအဖြစ် ကလေးသူငယ်စောင့်ရှောက် မှုပေးခြင်း၊ လူကုန်ကူးမှု ကာကွယ်တားဆီးခြင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်မှုများဆောင်ရွက်ခြင်း၊ အမျိုးသမီးသတင်း ထုတ်ပြန် ချက်များဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများနှင့် အခြားသော လုပ်ငန်းကိစ္စအဝဝများအပြင် ၂နှစ်ကာလတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိ သောဒေသပေါင်းစုံမှ မိသားစုဝင် များအား လှည့်လည် ကြည့်ရှုအားပေးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ KIO အမျိုးသမီးရေးရာအဖွဲ့ချုပ် (၃၅) နှစ်ပြည့်အထိမ်းအမှတ်နေ့ အခမ်းအနားကို ဖွန်လွမ်ယန် ဒုက္ခသည်စခန်း၊ ဂျေယန့်ဒုက္ခသည်စခန်းနှင့် လိုင်ဇာမြို့တွင်လည်း မနက်(၁၀)နာရီ တချိန်တည်းတွင် အသီးသီးကျင်းပခဲ့ကြောင်းသိရသည်။

KIO အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အမျိုးသမီးများ၏ ထိခိုက်ဆုံးရှုံးနစ်နာသော အခွင့်အရေးများ ပြန်လည်ရရှိလာစေရန်နှင့် အသိပညာကြွယ်ဝသော အမျိုးသမီးများပေါ်ထွန်းလာစေရန်၊ လူမျိုးနှင့် တိုင်းပြည်အကျိုးပြုနိုင်သော အမျိုးသမီးကောင်းများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ ၁၉၇၈ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့တွင် အဖွဲ့အစည်းအား တရားဝင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

တရုတ်နယ်စပ်တလျှောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာနှင့် မိုင်ဂျာယန် ဒေသတွင် ခိုလှုံနေသော ဒုက္ခသည်များ ရ သောင်းကျော်ရှိသည့်အနက် အများစုမှာ အမျိုးသမီးနှင့် ကလေးများဖြစ် ကြသည်။

Most read this week