အဖွဲ့ဝင်ဖြစ်ပါက ဘဝတိုးတက်မည်ဟု ကုမ္ပဏီတခုက မက်လုံးပေး မြန်မာအလုပ်သမားများ အလိမ်ခံရမည်ကို အလုပ်သမား ကူညီရေး အဖွဲ့ ပူပင်

အဖွဲ့ဝင်ဖြစ်ပါက ဘဝတိုးတက်မည်ဟု ကုမ္ပဏီတခုက မက်လုံးပေး မြန်မာအလုပ်သမားများ အလိမ်ခံရမည်ကို အလုပ်သမား ကူညီရေး အဖွဲ့ ပူပင်
by -
သီတာထွန်း
ဘန်ကောက်ရှိ ကုမ္ပဏီတခုသည် ၎င်း၏ အဖွဲ့ဝင်ဖြစ်ပါက ၀င်ငွေပိုရပြီး ဘဝမြင့်မား တိုးတက်မည်ဆိုကာ မြန်မာ အလုပ်သမားများ ဘတ်ငွေသောင်းချီ အကုန်အကျခံ၍ ကုမ္ပဏီ အဖွဲ့ဝင်ဖြစ်အောင် ပြုလုပ်နေကြသဖြင့် အလုပ် သမားများ အလိမ်ခံရမည်ကို အလုပ်သမား ကူညီရေးအဖွဲ့က စိုးရိမ် ...

ဘန်ကောက်ရှိ ကုမ္ပဏီတခုသည် ၎င်း၏အဖွဲ့ဝင်ဖြစ်ပါက ၀င်ငွေပိုရပြီး ဘဝမြင့်မား တိုးတက်မည်ဆိုကာ မြန်မာ အလုပ်သမားများ ဘတ်ငွေသောင်းချီ အကုန်အကျခံ၍ ကုမ္ပဏီအဖွဲ့ဝင်ဖြစ်အောင် ပြုလုပ်နေကြသဖြင့် အလုပ် သမားများ အလိမ်ခံရမည်ကို အလုပ်သမား ကူညီရေးအဖွဲ့က စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားသည်။

မြန်မာအလုပ်သမားအများအပြား စိတ်ဝင်စားနေသော ကုမ္ပဏီနှင့် ပတ်သတ်၍ ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူ မြန်မာနိုင်ငံသားများအသင်း တာဝန်ခံ ကိုကျော်သောင်းက “ကျနော်ကိုယ်တိုင် ကျနော့် မိတ်ဆွေနှစ်ယောက်နဲ့ သွားပြီးတော့ လေ့လာလိုက်တဲ့အခါ စိတ်မကောင်းစရာအဖြစ် မြင်ရတယ်၊ လူတဦးတယောက်ရဲ့ လိမ်လည်လှည့်ဖြားနေတာကို ကိုယ့်ရဲ့ဘဝ အခက်အခဲတွေများ ပြေပျောက်လာ မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သွားနေ ကြတာ စိတ်မကောင်းစရာဘဲ၊ ဒီခေတ် ဒီအခါကြီးထဲမှာ တာဝန်ယူမှုမရှိ တာဝန်ခံမှုမရှိ၊ မစားရဝခန်းပြောကြတာကို ယုံကြည်ပြီးတော့ လုပ်ကြတာ စိတ်မကောင်းစရာ အဖြစ်မြင်တယ်” ဟု ပြောသည်။

ဘန်ကောက်ရှိ ပြင်သစ်ပစ္စည်းများကို ရောင်းချသည်ဆိုသည့်ုကုမ္ပဏီက ကိုယ်စားလှယ်များ စေလွှတ်၍ မြန်မာ အလုပ်သမားများကို အဖွဲ့ဝင်ဖြစ်အောင်စည်းရုံးနေပြီး ဘတ်ငွေ (၁၈၀၀၀) ပေးပါက ကုမ္ပဏီအဖွဲ့ဝင်ဖြစ်ခွင့်ရပြီး လူများများကို အဖွဲ့ဝင်အဖြစ် ခေါ်နိုင်ပါက ရာထူးသည်လည်း မြင့်တက်သွားပြီးတလဝင်ငွေမှာ အနည်းဆုံး ဘတ်ငွေသိန်းချီ ၀င်နိုင်သည် ဆိုသည့် မက်လုံးများကြောင့် မြန်မာအလုပ်သမား အချို့မှာ ၀င်ငွေသောင်းချီ ရနေသည့် မိမိတို့လက်ရှိအလုပ်ကို စွန့်လွှတ်သည်အထိ ဖြစ်ကုန်ကြသည်ဟု ကိုယ်တိုင် အဖွဲ့ဝင်ဖြစ်ခဲ့သူ မြန်မာအလုပ်သမား ကိုသန်းလွင်က ပြောသည်။

“သူတို့က အလုပ်မှမဟုတ်ဘဲ၊ သူတို့က လူရှာတယ်၊ လူရှာပြီးတော့ တယောက် အပေါ် တယောက် ပိုက်ဆံဖြတ်စားနေတာချည်းဟာ၊ ခုကျနော်လိုက်လိမ်ပေးရမယ်၊ ကျနော် သွားပြီးတော့ ပိုက်ဆံ တသောင်းရှစ်ထောင် ပေးပြီးသွားရင် ဘာအလုပ်လဲလို့ကျနော် ပြောပိုင် ခွင့်မရှိဘူး၊ ပိုက်ဆံပေးရမယ် ဆိုတာလည်း ကျနော်တို့ပြောပိုင်ခွင့်မရှိဘူး၊ ကျနော်က လိမ်ပြီး တော့ ခေါ်ရမယ်လူတယောက်ကို၊  နောက်ထပ်လူတယောက်ကျနော်က လိမ်ပြီးတော့ ခေါ်ရ မယ်၊ အဲဒီလူကလည်း နောက်ထပ်လူကို လိမ်ပြီးတော့ ထပ်ခေါ်ရမယ်။”

ကုမ္ပဏီကပေးအပ်သည့် အလုပ်ဆိုသည်မှာလည်း အဖွဲ့ဝင်ဖြစ်ပြီးသူတဦးက နောက်ထပ် လူခြောက်ဦးကို ဆင့်ပွားထပ်ခေါ်စေခြင်းဖြစ်ပြီး နောက်လူများမှလည်း အဆင့်ဆင့် လူထပ်ခေါ်ခြင်းဖြစ်သည်။ လူတဦးခေါ်နိုင်လျှင် ငွေ (၃၀၀၀)ဘတ် ခေါ်ပေးသည့်သူမှရပြီး အဓိကအလုပ်မှာ အဖွဲ့ဝင်ဖြစ်အောင် ငွေ (၁၈၀၀၀)ဘတ်ပေးနိုင်သည့် လူများ ထပ်ခေါ်သည့် အလုပ်သာဖြစ်သည်ဟု ကိုသန်းလွင်က ဆက်ပြောသည်။

ကုမ္ပဏီအဖွဲ့ဝင်သူအများစုမှာ မွန်လူမျိုးများဖြစ်ပြီး ထိုင်းနိုင်ငံ မဟာချိုင်းဒေသတွင် အလုပ်လုပ်နေသူအများစု ပါ၀င်သည်ဟု သိရသည်။

ကုမ္ပဏီ ကိုယ်စားလှယ် တဦးဖြစ်သူ ကိုမင်းထိုက်က ကုမဏီလုပ်ငန်းနှင့် ပတ်သက်ပြီး ယခုလိုပြောသည်။

“ဘာတွေလုပ်ရမလဲဆိုတော့ သူက(ကုမ္ပဏီ)က အကူအညီတောင်းတယ်လေ၊ ဆွေမျိုးမောင် နှမ အသိုင်းအဝိုင်း၊ ပြီးလို့ရှိရင် သူငယ်ချင်းအပေါင်းအသင်း သူက ခေါ်ခိုင်းတယ် ကုမဏီကို၊ အလုပ်သမား ဘဝမှ လွတ်မြောက်အောင်ကယ်တင်ရမယ်၊ ဖြောင်းဖျရမယ်၊ လူတွေဆွဲသွင်း ရမယ်ပေါ့၊ နောက်ပိုင်း မှာဆို ကိုယ်က ပါဆင့် (ရာခိုင်နှုန်း) ခံစားခွင့်ရှိတယ်၊ စျေးလည်း မရောင်းရဘူး၊ ၀ယ်လည်း မဝယ်ရဘူး၊ ဘောပင်တချောင်းနဲ့ စာအုပ်တအုပ်နဲ့ ရုံးမှာထိုင် နေပြီးတော့ သူ့ရဲ့ဆေးပစ္စည်း ကိုလေ့လာ၊ နောက်လူကိုရှင်းပြ၊ ဒီလောက်ဘဲ။”

ယခုအချိန်ထိ အဖွဲ့ဝင် (၁၀၀)ကျော်ပြီဟု သိရသည်။
 

Most read this week