မြန်မာအလုပ်သမားအပေါ် ညှင်းပန်းနှိပ်စက်မှုဖြင့် မလေးရှား လုပ်ငန်းရှင်တဦး အဖမ်းခံရ

မြန်မာအလုပ်သမားအပေါ် ညှင်းပန်းနှိပ်စက်မှုဖြင့် မလေးရှား လုပ်ငန်းရှင်တဦး အဖမ်းခံရ
by -
ဇော်ကြီး
မလေးရှား အိမ်တွင်းလက်မှု လုပ်ငန်းရှင် မစ္စတာကူးမားအား မလေးရှားနိုင်ငံ၏ ဥပဒေ ချိုးဖောက်မှုနှင့် မြန်မာ အလုပ်သမားများအပေါ် အခွင့်အရေး ချိုးဖောက်မှုတို့ကြောင့် မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ယင်းသတင်းနှင့် ပတ်သက်၍ မလေးရှား NGO တခုက အကြောင်းကြားလာ ...

မလေးရှားအိမ်တွင်းလက်မှုလုပ်ငန်းရှင် မစ္စတာကူးမားအား မလေးရှားနိုင်ငံ၏ ဥပဒေ ချိုးဖောက်မှုနှင့် မြန်မာ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ယင်းသတင်းနှင့် ပတ်သက်၍ မလေးရှား NGO တခုက အကြောင်းကြားလာသည်ဟု မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ (BWRPC) အတွင်းရေးမှူး ကိုရဲမင်းထွန်းက ယခုလို ပြောသည်။

“Tenaganita ဆိုတဲ့ ကျနော်တို့ NGO က ပရိုဂရမ် မန်နေဂျာ မစ်ဖော်ရီဒါ က ကျနော့်ကို ဖုန်းဆက် လာတယ် ကနေ့ညနေ သုံးနာရီခွဲမှာ ဒီ မစ္စတာကူးမားနဲ့ အပေါင်းပါ ၁၂ ယောက် ကို ရဲက ထိန်းသိမ်း လိုက်ပြီးတော့ statement ယူနေပြီ ဆိုတဲ့အကြောင်းပေ့ါ။”

မစ္စတာကူးမားသည် မြန်မာအလုပ်သမ ၁၅ ဦးမှ အလုပ်သမား အခွင့်အရေးချိုးဖောက် ခံရမှုကို  တင်ပြရာ၌် လက်မခံသည့်အပြင် အလုပ်မှထုတ်ပယ်၍ စွန့်ပစ်ခဲ့ပြီး ကူညီပေးထားသည့် (BWRPC) အဖွဲ့ရုံးသို့သွား၍ အဖွဲ့ဝင်များအား ဥပဒေမဲ့ ဖမ်းဆီးရိုက်နှက်ခဲ့သဖြင့် မလေးရှား NGO အဖွဲ့များနှင့် မိမိတို့က တရားစွဲဆိုထား သည်ဟု ၎င်းကဆက်ပြောသည်။

“ရဲအမှုပေါင်း သူ့မှာ ၁၃ မှုလောက် ဒီ NGO တွေကသူ့ကို ကျနော်တို့အတွက် ဖွင့်ထားတယ် labour case က ရှစ်မှုဗျာ ကျန်တဲ့ ငါးမှု ကတော့ ရာဇဝတ်မှုပေ့ါ၊ ဥပမာ ကိုဖြိုးကို သူဖမ်းပြီး ခေါ်သွားတဲ့ ဟာက ပြန်ပေးဆွဲမှုပေ့ါ။ နောက်ပြီးတော့ ရိုက်မှုပေ့ါ၊ နောက်ချိန်းချောက်မှုပေ့ါ၊ နောက်ပြီးတော့ ဒီမိန်းခလေးတွေရဲ့ ကာမအိန္ဒြေပျက်စီးမှုပေ့ါ၊ နောက်ညဉ်းပန်းနှိပ်စက်မှု ဒီမိန်းခလေးတွေကို အခန်းထဲထည့်ထည့်ပြီးတော့ သော့ပိတ်ထားမှု အဲလိုမျိုး မတရားချုပ် နှောင်မှု အဲဒီအမှုတွေပေ့ါ။”

အလုပ်ရှင်ကို ဖမ်းဆီးပြီး တရားစွဲရာတွင် မြန်မာသံရုံးမှ ပါ၀င်ကူညီပေးမှု ရှိ မရှိနှင့် ပတ်သက်၍ ကိုရဲမင်းထွန်းက “မြန်မာသံရုံးရဲ့ဖိအားကြောင့်ဆိုရင် ကျနော်တစ်ခုရှင်းပြမယ်၊ ဒီရဲစခန်းရဲ့ report မှာ မစ်ဖော်ရီဒါ Tenaganita ရဲ့ပရိုဂရမ်မန်နေဂျာ၊ နောက်ပြီးတော့ ဒီအမှုနဲ့ ပါတ်သက် ပြီးတော့ အနီးကပ် မျက်မြင်သက်သေရယ် အစအဆုံး ပြန်ပြောတဲ့လူ နောက်ဘာသာပြန်တဲ့ သူက ကျနော်ပါခင်ဗျ။ case ကိုသွားတင်ထားတာ သံရုံးကမပါပါဘူး ခင်ဗျ။” ဟုပြောသည်။

အလားတူဖြစ်ရပ်မျိုး ၎င်းတို့အဖွဲ့အစည်း သက်တမ်းတလျှောက်တွင် ဒုတိယအကြိမ်မြောက် ကြံုတွေ့ရခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

မြန်မာအလုပ်သမ ၁၅ ဦးအား မတရားဖမ်းဆီးထိန်းသိမ်းထားမှုဖြင့် မြန်မာအမျိုးသမီးရေးရာ အဖွဲ့က (BWRPC) အဖွဲ့ကို တရားစွဲဆိုရန်သတင်းများထွက်ပေါ်နေသော်လည်း အလုပ်သမ ၁၅ ဦးက ထိုကိစ္စမဟုတ်မှန်ကြောင်း ပြန်လည်ပြောဆိုသည်။

Most read this week