စာသင်ခန်း ထိုင်ခုံအခက်ခဲကြောင့် မိုးကာခင်း၍သင်နေရ

စာသင်ခန်း ထိုင်ခုံအခက်ခဲကြောင့် မိုးကာခင်း၍သင်နေရ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာ အလဲန်ဘွမ် (Alen Bum) တွင် အသစ်ထပ်မံတိုး ချဲ့ဖွင့်လှစ်ထားသည့် ဒုက္ခသည် IDP ကျောင်းတွင် စာသင်ခန်းနေရာထိုင်ခင်းများ အခက်ခဲဖြစ်နေသောကြောင့် မိုးကာများအသုံးပြုနေရကြောင်းသိရသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှ တလနောက်ကျ၍ ဖွင့်နိုင်ခဲ့သော အဆိုပါအလဲန်ဘွမ်အထက်တန်းကျောင်း ကို ဘော်ဒါအဖြစ်ပူးတွဲထားခြင်းဖြစ်ပြီး စားဝတ်နေရေးနှင့် စာသင်ခန်းအသုံးအဆောင်များကို KIO ဒုက္ခသည် ကယ်ဆယ်ရေးအသင်းမှ စီမံခန့်ခွဲကူညီပေးနေရာ ယခုချိန်ထိ စာသင်ခန်းအခက်ခဲဖြစ်နေဆဲဟု ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဌဆလန်ကဘာဒွဲပီဆာ က ပြောသည်။

လိုင်ဇာအနီး Woichyai ဒုက္ခသည် ကျောင်း။

“အခက်ခဲဖြစ်နေတာကတော့ ကျွန်တော်တို့ ကျောင်းသားကများတော့ သူတို့ကိုကျွေးမွေးရတယ်။ IDP အထက်တန်းကျောင်းဆိုပြီးဖွင့်လှစ်လိုက်ရတော့ အခု ကျောင်းသားတွေကို တော်တော်လေး ကြည့်ရှုပေးနေရ ပါတယ်။ စာသင်ခန်းမှာ ထိုင်ခုံမရှိတော့ မိုးကာ ခင်းပြီး ထိုင်ရင်းသင်ပေးနေရတယ်။ ကူညီတဲ့သူတွေက တော့ရှိပါတယ်။ ဒါမေမယ့် မပြီးသေးတာတို့ မရောက်သေးတာတို့ဖြစ်တော့ ခက်ခဲတာပါ။ တကယ်တမ်း ဒီမှာလေ့လာကြည့်ရှုသွားတဲ့ သူတွေက တချို့တမျိုးစီပေးတာနဲ့ပဲ သွားနေတာပါ။”

လိုင်ဇာ၊ မိုင်ဂျာယန် ဒုက္ခသည်စခန်းအသီးသီးမှ ကျောင်းသားဦးရေ ၁၈၀၀ ကျော် တက်ရောက် သင်ယူနေ ခြင်းဖြစ်ရာ ၅ တန်းမှ ၈ တန်းကြားက ကျောင်းသားများတွင် ထိုင်ခုံလိုအပ်နေခြင်းဖြစ်သည်ဟု ပြောသည်။

လိုအပ်သည့်အခက်ခဲများကို စေတနာရှင်များ၊ NGO အဖွဲ့များက ကူညီပေးပံ့ပိုးပေးမှုကြောင့် အခက်ခဲဖြေရှင်း ပေးနေချိန်လည်းဖြစ်သည်ဟု အစားအသောက်အတွက်တာဝန်ယူနေသော KIO ဖက်မှ ဒုက္ခသည်ကယ်ဆယ် ရေး ကော်မတီဥက္ကဌဆလန်ကဘာဒွဲပီဆာက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ တော်တော်လေးကို အလုပ်ရှုပ်နေကြပါတယ်။ ဒါပေမယ့် ကူညီတဲ့သူတွေက တယောက်တမျိုး ကူညီမှုလည်းပေးနေလို့ အခုလို လည်ပတ်နေကြတာပေါ့။ အစွန်ဆုံး အချိန်ုပြည့် သူတို့စားဖို့ ဟင်းကိစ္စ မီးကိစ္စတွေကို ကြည့်ပေးနေတယ်။”

လွန်ခဲ့သည့်လများအတွင်း အလဲန်ဘွမ် (Alen Bum) ကျောင်းအဆောင်သစ်တွင် ကျောင်းသားများအတွက် စာရေးကိရိယာများနှင့် နေရာထိုင်ခင်း၊ ဆရာ၊ ဆရာမ အခက်ခဲအမျိုးမျိုးရင်ဆိုင်ခဲ့ရသောကြောင့် ပုံမှန်စာသင်နှစ်ထက် နောက်ကျသွားခဲ့သည်။

အဆိုပါအသစ်ဖွင့်လှစ်လိုက်သော အလဲန်ဘွမ်ကျောင်းတွင် ပညာသင်စနစ်ကို ဒုက္ခသည်ကျောင်းသားများ အတွက် အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သော ပညာရပ်များအပါအဝင် ပို့ချသွားမည်ဖြစ်ကြောင်းကျောင်း အုပ်ကြီး ဦးခေါင်လွမ်း ပြောသည်။

သို့သော် KIO နယ်မြေအတွင်း ခိုလှုံနေသောဒုက္ခသည်ကျောင်းသားများသည် အစိုးရနှင့် အခြားနိုင်ငံများသို့ ပညာဆက်လက်သင်ယူရန် အသိမှတ်ပြုခြင်းကို စိုးရိမ်ပူပန်နေကြပြီး ယခုကဲ့သို့ နိုင်ငံရေးပြဿနာဖြစ်ချိန်တွင် နှစ်ရှည်ပညာရေးထိခိုက်၍ နောက်ကျသွားမည်ကို အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြသည်။

အလဲန့်ဘွမ် (Alen Bum) တောင်ကုန်းရှိ IDP ကျောင်းကို လိုင်ဇာမြို့အနီးတဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် အထက်တန်း တက်ရောက်မည့် ကျောင်သားများ ပိုမိုတိုးလာကာ စာသင်ကျောင်းဆောင် မလုံလောက်သည့် အခက်အခဲကြောင့် ယခုနှစ်မှ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

Most read this week