မြစ်ကြီးနားတက္ကသိုလ် မူးယစ်ဆေးပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှု ပါချုပ်ကြီးမှ ပိတ်ပင် တားဆီး

မြစ်ကြီးနားတက္ကသိုလ် မူးယစ်ဆေးပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှု ပါချုပ်ကြီးမှ ပိတ်ပင် တားဆီး
by -
ကချင်သတင်းဌာန

မြစ်ကြီးနား တက္ကသိုလ် ပါချုပ်ကြီးမှ ပိတ်ပင်တဲ့ JLH Ram Hkye ရဲ့ မူးယစ်ပညာပေးလက်ကမ်းစာစောင်။ ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကချင်ကျောင်းသားများအဖွဲ့(JLH Ram Hkye) အဖွဲ့များမှ သြဂုတ်လ ၆ ရက်နေ့က တက္ကသိုလ်ကျောင်းရှေ့တွင် လူငယ်များမူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်ဝေခဲ့ရာ   ပါမောက္ခချုပ်ကြီး၏ တားမြစ်ပိတ်ပင်မှုကြောင့် ရပ်လိုက်ရကြောင်း သိရသည်။

စာစောင်ဝေသောတက္ကသိုလ်ကျောင်းသားတစ်ဦးက “ကျွန်တော်တို့ ကျောင်းသားတွေကို လက်ကမ်းစာ စောင်ဝေ နေတာ ၁ နာရီကျော်အကြာ ၁၁ နာရီ ကျော်လောက်မှာ round လှည့်လာတဲ့ ပါချုပ်ကြီးဒေါက်တာ အေးကို နဲ့တွေ့ပြီး ဆရာကဘယ်သူ့ အမိန့်ခွင့်ပြုချက်နဲ့ အခုလိုလုပ်ရတာလဲဆိုပြီး၊ချက်ချင်းစာ စောင်ဝေတာ ကိုရပ်ခို်င်းတယ်။ ဒါနဲ့ကျွန်တော်တို့ ဆက်ပြီးဝေလို့မရတော့ဘူး” ဟုပြောသည်။

jlh-ram-hkye-activity

လူငယ်အသိပညာပေး မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ရေးစာစောင်များကို တစ်ဝက်ခန့်သာ ဝေလိုက်ရခြင်း ဖြစ်ပြီး၊ ယခုလို တားဆီးပိတ်ပင်ခြင်းမှာ ကျောင်းသားများအပေါ်လူ့အခွင့်အရေး ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု စာစောင်ဝေသောကျောင်းသားခေါင်းဆောင်မှပြောသည်။

“စာစောင်ကို ကချင်ဘာသာနဲ့အရွက်ရေ ၁,၀၀၀ ၊ မြန်မာလို အရွက်ရေ ၁,၀၀၀ ပြီးတော့ စတိတ်ကာ ၁,၀၀၀ ကို ဝေဖို့လုပ်ထားတယ်။ တစ်ဝက်လောက်ဝေလို့ပြီးနေတဲ့အချိန်မှာ လာပြီးတားဆီးပိတ်ပင်မှု ခံလိုက်ရတယ်။ ဒါဟာကျောင်းသားအခွင့်အရေးကိုပိတ်ပင်လိုက်တာဘဲ။ စာစောင်ဝေခွင့်တောင် တက္ကသိုလ်ကျောင်း သားတွေမှာ မရှိတော့ဘူးလား။ လူ့အခွင့်အရေးမှာ ဒါတွေအားလုံးကိုဖော်ပြ ထားတာဘဲ။  အရင်အစိုးရ လက်ထက် ကချင်တက္ကသိုလ်ကျောင်းသားအဖွဲ့ အစည်းရဲ့လှုပ်ရှားမှုတွေကို ပိတ်ပင်တားဆီးတားခံရတယ်။ အခုလို မူးယစ်ဆေးဝါးအသိပညာပေး စာစောင်ဝေတယ်ဆိုတာ ကျောင်းရဲ့ လှုပ်ရှားမှုထဲထည့်ပေးရမှာ အခုဟာက ဒါတွေကိုမလုပ်တဲ့အပြင် လုပ်တဲ့ကျောင်းသားတွေကိုတောင်ပိတ်ပင်တယ်ဆိုတော့တအားဝမ်း နည်းတယ်။ စာစောင်ဝေရတာက အသိစိတ်နဲ့ဒီအဖွဲ့ရဲ့လှုပ်ရှားမှုပါ။ တခြားဘာမှမပါဘူး” ဟုဆိုသည်။

စာစောင်များကို ယမန်နေ့မတိုင်မီကြိုတင် ဖြန့်ဝေနိုင်ရန် စီစဉ်ထားသော်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တစ်ရက်ရွှေ့ပြောင်း လုပ်ရခြင်းဖြစ်ပြီး ကချင်၊ ဗမာ နှင့် ရှမ်း တက္ကသိုလ် ကျောင်းသားများလည်း အားတက်တရောပါ၀င်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

ထိုအဖွဲ့၏ မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်ဝေခြင်းရည်ရွယ်ချက်မှာ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာတွင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား၊ သုံးစွဲမှုများသော ကျောင်းအဖြစ်သတ်မှတ်ခံလိုက် ရခြင်းကြောင့် စိတ်ခံစားမှုခြင်းတူညီသောတက္ကသိုလ်ကျောင်းသားများစုစည်းကာမူးယစ်ဆေးဝါးစတင် မသုံးစွဲသေးသော လူငယ်များနှင့် တက္ကသိုလ်ကျောင်းသားများကို ကြိုတင်ကာကွယ် အသိပေးနိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။

ကချင်တက္ကသိုလ်ကျောင်းသားများ မူးယစ်ဆေးဝါး အသိပညာပေးရေး အဖွဲ့ (JLH Ram Hkye )အဖွဲ့ အား ဇွန်လိုင်လ(၁၃)ရက်နေ့တွင် အဖွဲ့ဝင် (၂၀)ဦးဖြင့် စည်းလိုက်ခြင်းဖြစ်ပြီး၊ လှုပ်ရှားမှုများတွင် တိုင်းရင်းသား လူငယ်များအားလုံးပါဝင်ထားပြီး၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းတွင် တရားဝင်ထားရှိပြီးသော အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

ထို့နောက် ၄င်းအဖွဲ့မှ ဇွန်လ(၂၁) ရက်နေ့တွင်လည်း လူငယ်များနှင့် မိဘပြည်သူများ(၁၀၀) ကျော်အား မူးယစ်ဆေးဝါးဆိုင်ရာအသိပညာရေးဟောပြောပွဲကို ပြုလုပ်ခဲ့ပြီး၊ အသိပညာပေး အစီအစဉ် များစွာကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

ယခုချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင်လည်း ဌာနချုပ်မူးယစ်ဆေးဝါး ပပျောက်ရေးစီမံချက်အရ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများနှင့် ပတ်သက်ဆက်သူများကိုလည်း ထိရောက်အရေးယူဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

Most read this week