အစိုးရနှင့် တိုက်ပွဲ KIA ၁ ဦးကျ ၁ ဦးဒဏ်ရာရ

အစိုးရနှင့် တိုက်ပွဲ KIA ၁ ဦးကျ ၁ ဦးဒဏ်ရာရ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မုန်ဂိုးဒေသတွင် ယမန်နေ့ သြဂုတ် ၄ ရက်နေ့ည ကွတ်ခိုင်ဘက်မှ လှုပ်ရှားလာသော အစိုးရတပ်နှင့် KIA တပ်ရင်း ၃၆ တပ်ခွဲ (၂) ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

ယမန်နေ့ည သြဂုတ် ၄ ရက် ၈ နာရီချိန် ၀င်းဆိုင် (Win Seng) အထက်တွင် မိနစ် ၂၀ ကြာပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ချိန် KIA ဖက်ထိခိုက်သွားခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၄)မှ အရာရှိတစ်ဦး ပြောသည်။

KIA troops in Shan state

အစိုးရဖက်မှ ထိခိုက်သေဆုံးမှုရှိမရှိမသိရသေးပေ။ ယခုချိန် ၄င်းအင်အား ရ၀ ခန့်ရှိသော အစိုးရတပ်သည် တိုက်ပွဲများဖြစ်ပွားပြီးနောက် နမ်ဂွတ် (Nam Gut) ရွာသို့ နောက်ဆုတ်ထားကြောင်းသိရသည်။

တိုက်ပွဲများသည် လတ်တလော ဆက်တိုက်ဖြစ်ပွားခဲ့သောနေရာ သြဂုတ်လ ၂-၃ ရက်အတွင်း တပ်မဟာ(၄) မုန်ဂိုးဒေသ ဂွေးမွှေး (Gyu Mwi) နှင့် ပန်ခေါန် (Pang Hkawn) ကြားတွင်လည်း အစိုးရတပ် (ခမရ  ၅၂၅ နှင့် ခလရ ၁၂၅) နှင့် KIA တပ်ရင်း ၃၈ တပ်ဖွဲ့ကြား  နံနက်ထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“ပစ်လိုက် ခဏနားလိုက်နဲ့ ပစ်နေကြတယ်။ ဒီမနက်ထိပစ်နေတာ အင်အားက ၁၀၀ ကျော်ရှိတယ်။ ကျနော်တို့ရှိတဲ့နေရာမှာ ဝင်လာတော့ အဲဒီကနေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေကြတာ။ နေရာတိုင်းမှာတိုးချလာနေတယ်။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေမှာပဲ” ဟုဆိုသည်။

သြဂုတ် ၃ ရက် စနေနေ့ညနေတွင်လည်း မုန်ဘော်ပါ ဖကောန် (Pa Kawn) ရွာတွင် ပစ်ခတ်တိုက်ခဲ့ပြီး ည ၁၁ နာရီချိန်တွင်လည်း ထပ်မံ ပစ်ခတ်တိုက်ခဲ့ကြောင်းလည်း MHH တပ်ခွဲ (၅) တပ်ခွဲမှူး ဆက်ပြောသည်။

ယခုချိန် အစိုးရတပ်များသည် မုန်ဂိုးဒေသ KIA တပ်ရင်း ၃၆၊ ၃၈ ဒေသနှင့် KIA တပ်ရင်း ၃၄ နယ်မြေ ကျောက်မဲမြို့နယ်တွင်လည်း  အစိုးရတပ်များနေ့စဉ် လှုပ်ရှားနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း KIA တပ်မဟာ (၄) မှပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၄) နယ်မြေဖက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို၌ မကြာသေးခင်ဖွင့်လှစ်လိုက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအလုပ်အဖွဲ့ သဘောတူဖွဲ့စည်း ရုံး ဖွင့်ပွဲပြုလုပ်သောနေ့မှ တိုက်ပွဲများ ယခုချိန်ထိ ဆက်တိုက် ဖြစ်ပွားလာခြင်းဖြစ်သည်။

Most read this week