ကချင်ပြည်နယ် NDF ပါတီ ဥက္ကဋ္ဌဒေါ်ဘောက်ဂျာ၏ အမှု ရုံးချိန်းရက်ရွှေ့ ဖုန်းကိုင်ဆောင်ခွင့် ပိတ်ပင်ခံရ

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဋ္ဌဒေါ်ဘောက်ဂျာ၏ အမှု ရုံးချိန်းရက်ရွှေ့ ဖုန်းကိုင်ဆောင်ခွင့် ပိတ်ပင်ခံရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရဲစခန်းတွင် အမှု ၃ မူဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ဇူလိုင် ၂ ရက် ယမန်နေ့ တတိယအကြိမ် ရုံးထုတ်စစ်ဆေးရန် ဖြစ်သော်လည်း ဖားကန့်တရားရုံးမှ အရေးပေါ်အစည်းဝေးကြောင့် ရက်ရွှေ့ဆိုင်းထားလိုက်ပြီး ဒေါ်ဘောက်ဂျာအား မီဒီယာများနှင့် ဆက်သွယ်မှုကြောင့် ဖုန်းကိုင်ဆောင်ခွင့်လည်း ပိတ်ပင်ထားကြောင်း သိရသည်။

ndf-bawk-ja

ယမန်နေ့ တရားရုံးထုတ်စစ်ဆေးမှုကိုမူ တရားရုံး ဥပဒေအရာရှိသည် မြစ်ကြီးနားသို့အရေးပေါ် အစည်းအဝေးရှိသောကြောင့် သြဂုတ်လ ရ ရက်သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ပြီး ဖုန်းကိုင်ဆောင်ခွင့် မပြုခြင်းကိုမူ သတင်းမီဒီယာများနှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုကြောင့်ဖြစ်သည်ဟု NDF ပြည်နယ် စည်းကော်မတီ အတွင်းရေးမှူး ဦးမြတ်မိုးမြင့် KNG ကချင်သတင်းဌာန သို့ပြောသည်။

“သူ့ကို ရဲစခန်းထဲမှာ အစကတော့လွတ်လွတ်လပ်လပ်ထားတယ်။ အိမ်တလုံးနဲ့ ဆက်တီခုံ၊ အိမ်သာတွေ ရေးချိုးခန်းတွေ ဗီရိုတွေ ရေသန့်ဗူးတွေနဲ့ ကောင်းကောင်းမွန်မွန်သီးသန့်ထားတယ်။ ဒါပေမယ့် ၃၁ ရက်နေ့က VOA, BBC တွေနဲ့ အင်တာဗျူးတဲ့အတွက်ကြောင့် ဖုန်းတွေမပေးကိုင်တော့ဘူး။ အဓိကက ဖုန်းကို လုံးဝ ဆက်သွယ်ခွင့် မပေးတော့ဘူး။ အစက မိသားစုတွေကိုဖုန်းဆက်လို့ရတယ်။ မိမိပါတီဝင်တွေကို ဆက်လို့ရတယ်။ ဒါမဲ့ ၃၁ နေ့ရုံးချိန်းနေ့မှာ RFA က တိုက်ရိုက် အင်တာဗျူးလုပ်လိုက်တော့ ရေဒီယိုမှာ ညမှာပါလာတော့ အခုဖုန်းပေး မကိုင်တော့ဘူး။”

ဒေါ်ဘောက်ဂျာကို ဇူလိုင်လ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့နေအိမ်မှခေါ်ဆောင်သွားပြီး ဖားကန့်ရဲစခန်းသို့ ဖမ်းဆီးထားချိန် မိသားစုဝင်များနှင့် ပါတီဝင်များကို လွပ်လပ်စွာဆက်သွယ်ခွင့်ပေးထားသောကြောင့် ပြောဆိုဆက်သွယ်နိုင်သော်လည်း ယခုမူ ဆက်သွယ်ရန်ခက်ခဲသွားခဲ့ကြောင်း ပြည်နယ်စည်းကော်မတီ အတွင်းရေးမှူး ဦးမြတ်မိုးမြင့် ကဆက်ဆိုသည်။

“အပြင်လူနဲ့ တွေ့ဖို့အတွက် နည်းနည်းကျဉ်းကြပ်တာမျိုးရှိတယ်။ အချုပ်သားတစ်ယောက်က အပြင်ကို ဖုန်းနဲ့ စကားပြောပြန်ခွင့် မရှိဘူးလေ။ အဲတော့ သူက အပြင်ကိုဖုန်းနဲ့စကားပြောရုံတင်မကဘူး။ နိုင်ငံတကာလေလှိုင်းနဲ့ ဆက်သွယ်မှု စကားပြောတာမျိုးလုပ်တယ်။ အဲဒီကြောင့်မို့လို့ ဖုန်းပေးမကိုင်တော့ဘူး။ အပြင်လူတွေကို ဝင်တွေ့တဲ့ နေရာမှာ ဖြေရှင်းမှုတွေရှိလာတယ်ပေါ့။ အခုချိန်မှာသူ့ကို နဂိုထားမြဲအတိုင်းတော့ထားတယ်။”

ဖားကန့်မြိုနယ် တရားရုံးက ဒေါ်ဘောက်ဂျာအား လူသေမှု ပုဒ်မ ၃၀၄ (က)၊ ဆေးထိုးအပ်ကိုင်သည့်အမှု ပုဒ်မ ၃၃ နှင့် မြန်မာနိုင်ငံဆေးဝါးအက်ဥပဒေ အထူး ပုဒ်မ ၄၁ ကို တရားလို ရဲအုပ်ကျော်မြဝင်းက အမှုစွဲဆိုထားခြင်း ဖြစ်ပြီး ယမန်နေ့ ဒုတိယအကြိမ်ရုံးချိန်းခဲ့ချိန်တွင် တရားလိုပြသက်သေ ၆ ဦးအား တရားရုံးမှ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၄၁ ကတော့ သေဆုံးတဲ့ဟာကို လာရောက်စစ်ဆေးတဲ့ရဲတွေက ၂၀၁၁ ဆေးဝါးတွေကို သိမ်းဆည်းပြီးမှ အမှုစွဲတာဖြစ်တယ်။ ကားမိုင်း ရဲစခန်းမှူး ရဲအုပ်သန်းထွန်းဝင်က အဲဒီမှာတရားစွဲတာဖြစ်တယ်။ ပုဒ်မ ၄၁ က အဲဒါ အိမ်သုံးဆေးဝါးတွေ လက်ဝယ်ထားမှု ရောင်းချမှုနဲ့စွဲတယ်။ နောက် စခန်းမှူးပြောင်းသွားပြီးနောက် ဖားကန့် ဥပဒေအရာရှိကနေ အပြစ်တည်ဆောက်ခိုင်းတဲ့အတွက်ကြောင့် ထပ်မံတည်ဆောက်ပြီးမှ ဆေးထိုးအပ် ကိုင်သွယ်ခြင်းဆေးထိုး ပိုက်တွေတွေ့ရှိခြင်းဆိုပြီး ပုဒ်မ ၃၃ မူးယစ်ဥပဒေဆိုပြီး ထပ်စွဲတယ်။”

အမှုစစ်သည့်အချိန်တွင် ပုဒ်မ ၃၀၄ လူသေမှုဖြင့် တရားစွဲဆိုထားသည်ဟု တရားလိုဖက်မှ ဒေါ်ကိုင်ထန်က ၄င်း၏အမျိုးသားအား ဆေးထိုးပြီးသေဆုံးမှုနှင့်ပတ်သက်၍  ဒေါ်ဘောက်ဂျာအား တရားစွဲဆိုမှုပေါ် ကျေအေးကြောင်းနှင့် ထိုစဉ်က အုပ်ချုပ်ရေးအပိုင်း ကြံ့ခိုင်ရေးအပိုင်း၊ ရဲများက အမှုစွဲကြောင်း အတင်းအဓ္ဓမ လက်မှတ်ထိုးခိုင်းခဲ့သောကြောင့် ကြောက််ရွံ့၍ ထိုးရပါကြောင်း ထွက်ဆိုထားကြောင်း သိရသည်။

ထိုအမှုများသည်၂၀၀၉ ခုနှစ်မှာတကြိမ်ဖြစ်ခဲ့ရာ ၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ပြီးနောက် ၂၀၁၁ မှာတရားစွဲဆိုမှုကို ၂၀၁၂ အတွင်းကျေအေးခဲ့ပြီး ဥပဒေအရာရှိထံတင်လိုက်ပြီဖြစ်သော်လည်း ဥပဒေအရာရှိများက တရားသူကြီးထံ အလျင်အမြန်မတင်နိုင်ခဲ့ခြင်းမှ ထိုအချိန်က ဖြေရှင်းမှုက ရပ်တန့်သွားခဲ့ရာကနေ ယခု ၁၀၁၃ တွင် ပြန်ဖော်လာခြင်းဖြစ်သည်ဟု NDF ပါတီဝင်များကပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစု ကချင်ပြည်နယ်၏ဥက္ကဌလည်းဖြစ် ဖားကန့်မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ NDF ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဒေါ်ဘောက်ဂျာအား ဖမ်းဆီလိုက်သောကြောင့် ပါတီဝင်များအနေဖြင့် စိုးရိမ်မကင်းဖြစ်နေပြီး အဆိုပါစွပ်စွဲထားသောအမှုကိုလည်း မှန်မမှန်ကို ၀ုိင်း၍ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

Most read this week