မိုးတွင်းဖြစ်တတ်သော ရောဂါများ ၅ နှစ်အောက်ကလေးငယ်များတွင် အဖြစ်များ

မိုးတွင်းဖြစ်တတ်သော ရောဂါများ ၅ နှစ်အောက်ကလေးငယ်များတွင် အဖြစ်များ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မိုးတွင်းကာလဖြစ်လေ့ဖြစ်ထရှိသည့် ဖျားနာမှုများသည် ယခုချိန် ၅ နှစ် အောက်ကလေးငယ်များတွင် အများဆုံးဖြစ်ပွားနေကြောင်း ဒေသခံများပြောသည်။

မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါအပါ၀င် နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်ခြင်း၊ အပူဖုများဖြစ်ပွားနေသောကြောင့် ကလေးငယ်များဆေးကုသဆောင်တွင် ကုတင်မဆ့ံများပြားနေကြောင်း ကလေးမိခင်များမှသိရသည်။

ဖျားနာမှုကြောင့် ကလေးငယ်များ အသက်သေဆုံးမှုများ မရှိသေးသော်လည်း နို့စို့ကလေး ငယ်များသည် ညအချိန် အဖျားတက်လာတတ်သောကြောင့် မိခင်များသည်   ပိုမိုစိုးရိမ်နေရကြောင်းပြောသည်။

ရာသီဥတု နေပူ၊ မိုးရွာ အပူအအေး မမျှတသောဒဏ်ကြောင့် ခံနိုင်ရည်အားနည်းသော ကလေးငယ်များသည် ယခုချိန်မူကြို ကျောင်းသို့နေ့စဉ်ပျက်ကွက်မှုရှိနေသည်ဟု တပ်ကုန်းရပ်ကွက်မှ မူကြိုဆရာမတဦးပြောသည်။

“အခုတလောဖျားတဲ့သူတွေက ချောင်းဆိုး ရင်ကြပ် အဖျားတက်တယ်။ တချို့ကတော့ အနာစိမ်းတွေ ပေါက်တာ ခေါင်းတွေမှာလေ၊ ဒီနေ့ဆို  ကလေး ၁၅ ယောက်လောက် ကျောင်းမလာတက်နိုင်ဘူး။”

မိုးရာသီချိန်အဖြစ်များသော ရောဂါများ၌ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အန္တရာယ်ထိ ထိခိုက်လာနိုင်သော ရောဂါဖြစ်သောကြောင့် သတိပြုရန် မိခင်ကလေးနှင့် အမျိုးသမီးရေးရာကော်မတီများမှ ရပ်ကွက်တွင်း အိမ်တိုင်းတွင် သတိပေးစာစောင်များနှင့် ဆေးမှုန့်များဝေပေးနေကြောင်းသိရသည်။

သတိပေးစာစောင်တွင် “ရောဂါဖြစ်ပွားပါက ကုသရန်ဆေးမရှိပါ၊ ကာကွယ်ဆေးလည်း မရှိသေးသော ရောဂါဖြစ်သည်၊ သို့ဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါမရှိစေရန် ကြိုတင်ကာကွယ်ခြင်းကသာ အထိရောက် ဆုံးဖြစ်ပါသည်၊ သွေးလွန်တုပ်ကွေးရောဂါသည် လူကြီးလူငယ်မရွေးလူမျိုးမရွေး ဘာသာမရွေး ဆင်းရဲ ချမ်းသာ မရွေးဖြစ်ပွားနိုင်သဖြင့်ကြိုတင်ကာကွယ်ကြရန်၊ ပတ်ဝန်းကျင် ရေအိုင်များ၊ ချုံနွယ်များ၊ အမှိုက် သရိုက်များ ရှင်းလင်း၍ ရေကန်လဲခြင်း၊ သောက်သုံးရေများ ဖုံးအုပ်ခြင်း၊ ခြင်ကိုက်ခြင်းမှ ကာကွယ်ကြရန်” စသည်ဖြင့် အသေးစိတ် သတိပေးနိုးဆော်ထားခြင်းဖြစ်သည်။

ထိုသို့ သတိပေးနိုးဆော်ချက်များပြုလုပ်လာသောကြောင့် စာစောင်များကို သတိမူမိသည့် ဒေသခံများ အတွက်လည်း အချင်းချင်းသတိပေးနိုးဆော်မှုများကြောင့် ယခင်ထက် သတိထား ဆောင်ရွက်မှုများ ရှိလာကြောင်း အထက်မ ဆရာမဆက်ပြောသည်။

“ဒီနှစ်တော့ အဲလိုစာတွေကိုလည်းလိုက်ကပ်ပေးတယ်။ ကျွန်မတို့ အစည်းအဝေးတွေမှာဆိုရင်လည်း မှတ်သားစရာတွေမှာ အမျိုးသမီးတွေက ပြန်ပြောပြကြတာပေါ့၊ ဆေးလည်းလာပေးတယ် ဆေးက အမှုန့်ဖြစ်ပြီး ၃ ရက်လောက်ရေလှောင်ထားတဲ့ဟာ ဥပမာ-အိမ်သာရေလှောင်ထားတဲ့ နေရာမျိုးတွေမှာ ထည့်ပါတဲ့။”

သွေးလွန်တုပ်ကွေးရောဂါသည် လူ့အသက်အန္တရာယ်ထိခိုက်စေနိုင်သော (သေနိုင်သော) ရောဂါဖြစ်၍ အထူးဂရုစိုက်ကာကွယ်ရန်လိုအပ်ကြောင်းနှင့် အရေးပေါ်သတင်းပို့ရန် မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် တာဝန်ရှိသည့်ဌာများကို ဆက်သွယ်နိုင်ကြောင်းလည်း ထည့်သွင်းထားသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မိုးများပြီး၊ ပတ်ဝန်းကျင်ချုံနွယ်ပေါခြင်း၊ ရေအိုင်များခြင်း၊ တွင်းရေ သောက်သုံးခြင်း၊ ခြင်ပေါများခြင်းတို့ကြောင့် မိုးရာသီချိန်တွင် ကလေးများ၌ အများဆုံး ဖြစ်ပွားနေခြင်းဖြစ်ပြီး အများစုသည် ၀မ်းရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် အပူဖုများပေါက်ခြင်းများ ခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

Most read this week