မူးယစ်ဆေးဝါး သုံးစွဲသူ ၆၀ ကျော်ကို KIO ဖမ်းဆီး အရေးယူထား

မူးယစ်ဆေးဝါး သုံးစွဲသူ ၆၀ ကျော်ကို KIO ဖမ်းဆီး အရေးယူထား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ်အတွင်း ဘီးခင်းတခုမှ တရုတ်အမျိုးသား ၂ ဦးကို KIA စစ်သားများ ဖမ်းဆီးနေစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာ ဗဟိုဌာနချုပ်တဝိုက် KIO ၏ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံချက်အရ ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများကိုအရေးယူခဲ့ရာ ယခုချိန် ၆၀ ကျော် ရှိပြီဖြစ်ကြောင်းသိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား ဌာနချုပ်ဝန်းကျင်တိုက်ပွဲများ ငြိမ်သက်လာချိန်မှစ၍ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများ ပြန်လည်များပြားလာသည်ဟု KIO ဌာနချုပ် မူးယစ်တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ က ကချင်သတင်းဌာန KNG သို့ပြောသည်။

kia arrest chinese opium grower

“များသောအားဖြင့် အခုက မြစ်ကြီးနားမှာ ဒုက္ခသည်အဖြစ်ရှောင်တိမ်းသွားတဲ့သူတွေလူမျိုး ပြီးတော့ တခြားနေရာကိုရောက်သွားတဲ့သူတွေလေ။ အခုအခြေအနေ နည်းနည်းငြိမ်သက်နေတော့ ကားလမ်းတွေ ပေါက်လာတော့ အဲဒီလူတွေက အခုဒီဖက်မှာ ပြန်လာရောင်းတာတွေရှိတယ်။ ရောင်းလာတော့ အခုကျွန်တော်တို့က ဘိန်းသုံးစွဲတဲ့သတင်းကြားရင် ဘယ်ကဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ် အကုန်လုံးကို ဖမ်းတယ်ဆိုတော့ အခုဖမ်းမိတဲ့သူတွေက မြို့ဖက်ကလူတွေပိုများတယ်။”

ယခုမူးယစ်ဆေးဝါးသုံးစွဲသောသူများသည် အသက်အရွယ်အားဖြင့် ၂၀ မှ ၃၀ ကြား အများစုဖြစ်ပြီး တခါတရံသောက်သုံးသူများအပါအဝင် ဖမ်းဆီးအရေးယူနေခြင်းဖြစ်သည်ဟု အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ က ပြောသည်။

“အခု မူးယစ်ဆေးဝါးစားသုံးတဲ့သူတွေထဲမှာ တခါတလေ ဆော့တဲ့သူတွေကိုတွေ့ရင်လည်း ဒီမှာ ၁ လ ၂ လ မသုံးအောင် သူတို့ကို ဆုံးမတာမျိုးတွေအနေနဲ့ ဖြတ်ပေးတာမျိုးတွေလုပ်တယ်။ ဘိန်းစိုက်ပျိုးခဲ့တဲ့ ဒေသ တွေက မိဘတွေကိုလည်း   ကျွန်တော်တို့   ကော်မတီ ကနေ စီမံကိန်းချပြီး ရပ်ရွာတွေမှာ ပညာပေးဟောပြောမှုတွေကိုလည်းလုပ်တယ်။ အခု သုံးစွဲ သူတွေ ဘယ်သူ့ကိုပဲဖြစ်ဖြစ်တွေ့ရင်တော့ မိဘတွေလာအပ်တာပဲဖြစ်ဖြစ် တပ်ဖွဲ့ကနေပဲ လာအပ် တာပဲဖြစ်ဖြစ် ဘယ်ဆွေမျိုးဖက်ကပဲလာအပ်အပ် ကျွန်တော်တို့လက်ခံထားတယ်။”

အစိုးရအုပ်ချုပ်နယ်မြေသို့ ကိုယ်တိုင်လာမအပ်သောသူများကိုမူ သုံးစွဲသူတစ်ယေက်ကိုဖမ်းဆီးကာ မေးမြန်း စစ်ဆေးခြင်းအားဖြင့် ၄င်းနှင့်အတူသုံးစွဲသောသူများကိုလည်း ကွင်းဆက် ဖမ်းဆီး၍ ဘိန်းဖြတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများငြိမ်သက်နေချိန် လိုင်ဇာမြို့သို့ လူဝင်လူထွက်ရှိလာပြီး ယခင် သုံးစွဲခဲ့သူတွေကလည်း ပြန်လည်သုံးစွဲမှုများကြောင့် စီမံချက်ဖြင့် ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု လိုင်ဇာသို့ ၀င်ထွက်သွား လာနေသူ ခရီးသည်တစ်ဦးပြောသည်။

“အသဲအသန်ဖမ်းနေတာ ထောင်တောင်မဆံ့ဘူး။ သုံးစွဲမှုတွေတော်တော်ဆိုးတယ်။ အထက်ကအမိန့်အရ ဘိန်းသုံးစွဲတယ်ဆိုတဲ့ သတင်းကြားတာနဲ့ မြင်စရာမလိုဘူး။ ဆိုတဲ့အတိုင်း ဖမ်းဆီးအရေးယူနေကြတာတဲ့၊ စစ်သားတွေလည်း ထောင်ထဲမှာပဲ ဘိန်းသမားများလို့လေ၊ နေရာတကာဖမ်းတာပဲ စစ်သားတောင်ပါတယ်။”

ထိုသို့ဖမ်းဆီးအရေးယူခံရသူများတွင် ဒေသခံများအပါအဝင် မူးယစ်ဆေးဝါးနှင့်ပါ၀င်ပတ်သက်သော ကေအိုင်အေ အဖွဲ့ဝင်များ၊ ၄င်းတို့၏အမျိုးသမီးအချို့ကိုလည်း အရေးယူလျက်ရှိကြောင်း မူးယစ်တိုက်ဖျက် ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီးဂမ်ဘာ ကပြောသည်။

KIO ဌာနချုပ်အတွင်း ယခင်ကဲ့သို့ဘိန်းစိုက်ပျိုးမှုများနှင့် ရောင်းဝယ်ဖောက်ကားမှု ဧရာမ စျေးကွက်များ ရှင်းလင်းနိုင်ခဲ့သည်ဟုဆိုနိုင်သော်လည်း ချောင်းတဖက်ကမ်းတွင်ရှိသော တရုတ်ပြည် ဖက်ခြမ်းသို့ နေ့ညအချိန်မရွေးသွား၍ ၀ယ်ယူသုံးစွဲနိုင်သေးခြင်းနှင့် မှောင်ခိုရောင်းဝယ် ဖောက်ကားမှုများ ရှိနေဆဲဖြစ်သောကြောင့် ဆက်လက်ပြန့်နှံ့ နေဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကချင်ဒေသမူးယစ်ဆေးဝါးပြန့်နှံ့နေခြင်းသည် ကလေးသူငယ်များ ပညာသင်ချိန်ကာလ ကတည်းက လမ်းပြမှုမှားယွင်းခြင်း၊ ပညာသင်ပြီးသော အချိန်တွင်လည်း လုပ်ငန်းများတွင် အသုံးချနိုင် လောက်သော အရည်အချင်းမပြည့်မှီခြင်း၊ ကျောင်းပြီးသွားသူများအတွက် အလုပ်လမ်းညွှန်ပေးနိုင်သည့် ဌာန မရှိခြင်း၊ သူတပါးသုံးစွဲလျင်အယုံလွယ် အပျော်မက်၍ နောက်ယောင် လိုက်လုပ်တတ်သော အကျင့် စရိုက်၊ ဘိုးဘွားစဉ်ဆက်အသုံးပြုလာသောသွေးကြောင့်ဟု ထင်မြင်ယူဆရသည့်အပြင် အုပ်ချုပ်သည့် အစိုးရမှ သွေးအေးစစ်ဟု ယူဆရသော အာဏာပိုင်အချို့ကိုယ်တိုင် ပါ၀င်ပတ်သက် ဖြန့်ဖြူးပေးနေခြင်း များသည် ကချင်လူငယ်များဘဝအတွက် ကြောက်မက်ဖွယ်မူးယစ်ဆေးဝါး၏ ကြေးကျွန်ဘဝသို့ ပြောင်းလဲ စေခဲ့သည်ဟု သုံးသပ်ပြောဆိုခဲ့သည်။

KIO သည် ၂၀၁၀ အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ ဌာနချုပ် မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေးကော်မတီမှ  ဦးစီးကာ ပြန်လည်ရှင်းလင်းနေခြင်းဖြစ်သည်။

Most read this week