သမ္မတလိုလားသည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေး ကချင်ဒေသတွင် မဖြစ်မြောက်သေး

သမ္မတလိုလားသည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေး ကချင်ဒေသတွင် မဖြစ်မြောက်သေး
by -
ကချင်သတင်းဌာန

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းအောင်ဆောင်ရွက်မှုများအပါအဝင် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို ကူညီထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များကို ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့က နေပြည်တော်တွင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အစိုးရနှင့် ကချင်ဒေသပဋိပက္ခသည် ချုပ်ငြိမ်းသွားခြင်း မရှိသေးကြောင်း KIO က ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဇွန်လလယ်ပိုင်း ဗြိတိန်နိုင်ငံသို့ရောက်ခဲ့ချိန် “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ဇူလိုင်လအတွင်း တပြည်လုံးအတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးမည်” ဟု ပြောဆိုလိုက်ပြီးနောက် ယခုအခါ “လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းအောင်ဆောင်ရွက်နေပြီး ရခိုင်ပြည်နှင့် ဒေသအချို့ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းနိုင်ပြီဖြစ် ကြောင်း” ယနေ့ထုတ်မြန်မာ့အလင်းတွင်ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းရေးသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဖက်မှ အစိုးရနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်ယုံကြည်မှုပေါ်သာ မူတည်မည်ဖြစ်ကြောင်း KIO ဖက်မှပြောဆိုခဲ့ သော်လည်း ယခုချိန်ထိ နှစ်ဖက်နိုင်ငံရေးအရ ဆွေးနွေးခြင်းနှင့် အပစ်ခတ်ရပ်စဲခြင်းသဘောတူညီမှုမရရှိသေးပေ။

နေပြည်တော်တွင် နိုင်ငံတော် သမ္မတအိမ်တော်သံတမန်ဆောင်ခန်းမ၌ တွေ့ဆုံဆွေးနွေးချိန် ပဋိပက္ခ ဖြစ်ပွားခဲ့သောဒေသများရှိ ဒုက္ခသည်များအား လူသားချင်း စာနာ ထောက်ထားသော အကူအညီများ အဆင်ပြေချောမွေ့အောင်ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင် ရွက်နေသည့်ကိစ္စရပ်များအပြင် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကချင်ပြည်နယ်တွင်း အစိုးရအုပ်ချုပ်နယ်မြေနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်ပေါင်း ၁ သိန်းကျော်သည် အစိုးရအပါအဝင် နိုင်ငံတကာ၏ကူညီထောက်ပံ့မှုများကို လုံလောက်စွာမရရှိသေးသောကြောင့် သမ္မတ၏ ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားသော အကူအညီများအဆင်ပြေချောမွေ့အောင် ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များကို ကချင်လူထုမှ အထူးစိတ်ဝင်စားနေကြသည်။

ယခုချိန် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ပလန ကျေးရွာတွင်လည်း ပြည်နယ်အစိုးရမှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအစီစဉ်ဖြင့် အိမ်ခြေ ၂၀၀ ကျော် ဆောက်လုပ်ပေးထားပြီး ထိုအိမ်များကို စျေးသက်သာစွာ လျှောက်ထားရသည်တွင် မိမိဒေသသို့မပြန်တော့ပဲ ထိုနေရာတွင်အခြေချမည်ဟုဝန်ခံ ချက်ဖြင့်သာ ချပေးမည်ဖြစ်ကြောင်း ဒေသခံများပြောသည်။

အဆိုပါ အိမ်ချပေးသည့်ကိစ္စအား အစိုးရသည် KIO နယ်မြေရှိဒုက္ခသည် ရ သောင်းအတွက် ယခုချိန်ထိ ထိရောက်စွာကူညီမှုများမပေးသေးချိန် မြို့ပေါ်ရှိဒုက္ခသည်များကိုမူ ထိုသို့ အခွင့်အရေးပေးနေခြင်းသည် ဝေဖန်စရာဖြစ်နေသည်ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) က ပြောသည်။

“အဲဒါက ကျွန်တော်တို့မြင်တာက မြို့ထဲမှာက ဒုက္ခသည်စခန်းကို အမြန်ဆုံးဖြုတ်လိုက်ချင်တာပါ၊ ကမ္ဘာမှာ တော့ ဒုက္ခသည် စခန်းမရှိတော့ဘူးဆိုပြီး ဒီဖက်တောကိုကျတော့ ဖုံးထားလိုက်မယ်၊ မြို့ထဲကတော့ ဖွက်ထားလို့မရတော့ မြို့ကဟာကို အရင်ရှင်းလင်းလိုက်ချင်တာဖြစ်တယ်လို့ တခုနားလည်တယ်။ ဒုက္ခသည် စခန်းမရှိတော့ပါဘူး၊ တိုက်ပွဲမရှိတော့ဘူး၊ မလိုအပ်တော့ဘူး ငြိမ်းချမ်းသွားပြီဆိုပြီး မျက်နှာလုပ် ချင်တာဖြစ်တယ်လို့ နားလည်တယ်။”

ဒုက္ခသည်များ မိမိသဘောအရ ထိုနေရာများတွင်အခြေချရန်ဆုံးဖြတ်မည်ဆိုပါကလည်း ဒုက္ခသည်အဖြစ် ကူညီမှုများ ထောက်ပံ့မှုမရတော့သည့်အပြင် ၄င်းတို့မိသားစုစားဝတ်နေရေးအတွက် လယ်ယာမြေများ လိုအပ်နေပြီး ပြန်လည်အစပြု လုပ်ကိုင်စားသောက်ဖို့ရန် အစိုးရ၏ကူညီမှု အာမခံချက်များလိုအပ်နေသည်ဟု ဒေသခံများလည်း စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။

ယခုချိန် တိုက်ပွဲများသည် KIO ဌာနချုပ် လိုင်ဇာတဝိုက် ငြိမ်သက်နေသော်လည်း အစိုးရတပ်ဖက်များ လှုပ်ရှားမှုများရှိလျင် နှစ်ဖက်ပစ်ခတ်မှု အချိန်မရွေးရှိနေသည့်အချိန်တွင် ဒုက္ခသည်များ လုံခြုံစွာနေနိုင်ရေးနှင့် နေရပ်ပြန်နိုင်ရေးသည် တွေ့ဆုံဆွေးနွေးမှု၏ ရလဒ်အပေါ် ယုံကြည်မှုတည်ဆောက်သည့် အချက်ကအဓိ ကဖြစ်သည်ဟု ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) က KNG ကချင်သတင်းဌာန သို့ သုံးသပ်ပြောဆိုခဲ့သည်။

"တိုက်ပွဲမဖြစ်တာတော့ သေချာတယ်။ ဒါပေမယ့် အခုချက်ခြင်း ကိုယ့်ဒေသပြန်နိုင်ရေး သဘောတူညီဖြေရှင်း မှုမရှိသေးဘူးဆိုတော့ ပြည်သူလူထုဖက်ကလည်း ဘယ်လိုမှပြန်လို့မရဘူး။ အခုအခြေအနေက တွေ့ဆုံဆွေး နွေးနေကြတုံးပဲ ဆွေးနွေးတာတောင် သဘောတူညီမှုရမလား မရဘူးလားလည်း မသိဘူး။ ဆက်လက်ပြီး ဆွေးနွေးသွားဖို့ အချက် ရ ချက်ကို သဘောတူညီတယ် ဆိုပြီး အဲဒီကနေခုချိန်ထိတောင် ဆက်ပြီးဆွေးနွေး တာမရှိတဲ့အတွက် ကျွန်တော်တို့ပြည်သူတွေက အဲလိုမျိုးစာကို ဘယ်လိုယုံမလဲ။ တကယ်လို့အခုပြန်တွေ့ ဆုံတဲ့အချိန်မှာ ဒီဒုက္ခသည်နဲ့ပတ်သက်ပြီးခေါင်းစဉ်တပ်ဆွေးနွေးမယ်ဆိုရင် KIO လိုလားချက်တိုင်းမဟုတ် သလို အစိုးရလိုလားသလိုလည်းမဟုတ်ပဲ။ တကယ်ပဲ ပြည်သူလူထုကို တွေ့ဆုံပြီး သူတို့ဘယ်လိုမြင် တယ်ဆိုတာမျိုးတွေက ခံယူ။ အခုအစိုးရက စစ်တပ်တွေ လျှောက်တိုးချထားပြီး စစ်တပ်ရုပ်သိမ်းတာတော့မရှိပဲ ငြိမ်းချမ်းပြီဆိုရင် အဲဒါကို ပြည်သူလူထုက ဘယ်လိုမှမယုံဘူး။”
 
နိုင်ငံတော်အစိုးရဖက်မှ ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားလျင် ကချင်ပြည်နယ်ရှိ စစ်တပ်များကို ရှေးဦးစွာ ရုပ်သိမ်းခြင်းဖြင့် ဒုက္ခသည်အဖြစ် ခိုလှုံနေကြသော သူများအား လူသားချင်းစာနာ ထောက်ထားသော အကူအညီပေးသည့်အချက်သည် ဖြစ်မြောက်လာမည့်အပြင် အပစ်အခတ်ရပ်စဲခြင်းသည်လည်းစာရွက်ပေါ် တွင်လက်မှတ်ထိုးစရာမလို ချုပ်ငြိမ်းသွားမည့် ကိစ္စရပ်ဖြစ်သည်ဟု ကချင်လူမှုအဖွဲ့အစည်းဖက်မှလည်း သုံးသပ်ပြောဆိုနေခြင်းဖြစ်သည်။

ထို့ကြောင့် မြစ်ကြီးနားမြို့တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုသဘောတူညီချက် ရ ချက်မှ ၁ ချက်ဖြစ်သော အကြံပေးအလုပ်အဖွဲ့ Technical Team ကို ယခုလတွင်း ရလဒ်တစ်ခုအဖြစ်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုစစ်ရေးအခြေအနေကိုသုံးသပ်ခြင်းအားဖြင့် ဆွေးနွေးမှုမဖြစ်နိုင်သေးသည့်အပြင် မကြာမီ တိုက်ပွဲများ ဆက်ဖြစ်ဖွယ်ရှိသည်ဟု Team အဖွဲ့ဝင် လူထုများကသုံးသပ်ပြော ဆိုသည်။

Most read this week