ခေါင်လန်းဖူးဒေသထွက် “ထဆူမခမ်း” ခေါ် ရှားပါးမှိုတမျိုး

ခေါင်လန်းဖူးဒေသထွက် “ထဆူမခမ်း” ခေါ် ရှားပါးမှိုတမျိုး
by -
ကချင်သတင်းဌာန

တရုတ်ပြည်နယ်စပ်တွင် ရောင်းအားကောင်းတဲ့ ခေါင်လန်းဖူးဒေသမှ “ထဆူမခမ်း” ခေါ် ရှားပါးမှိုတမျိုး။ ကချင်ပြည်နယ်မြောက်ဖျားပိုင်း တောင်ပေါ်ဒေသခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ်များတွင် ပေါက်လျက်ရှိသော ရဝမ်တိုင်းရင်းသား ဘာသာစကားဖြင့် ‘ထဆူမခမ်း’ ဟုခေါ်သော ရှားပါးဆေးမှိုတမျိုး တရုတ်ဖက်တွင် ရောင်းအား ကောင်းလျက်ရှိသည်။

အဆိုပါ ထဆူမခမ်း ရှားပါးမှိုကို ရေခဲတောင်၊ တောင်ထိပ်၊ သစ်ပင်ကြီးများ၊ သစ်ငုတ်များတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မှိုအကြီးအသေး ၁ ပိဿာမှ ၁၀၀ ပိဿာထိ အလေးချိန်အလိုက် စျေးနှုန်းရှိကြောင်း ခေါင်လန်ဖူးဒေသခံ ကို အားဖုန်က ပြောသည်။

“ဒီမှိုဟာ ဆေးတစ်မျိုးဖြစ်ကြောင်းတရုတ်တွေကပြောပြပါတယ်။ တရုတ်ပြည်မှာ အင်မတန်မှ တန်ဖိုးရှိကြောင်း သိရတယ်။ အစပိုင်းမှာအချိန် ရ ပိဿာအထက်ရှိတဲ့ မှိုများကိုသာ ၀ယ်ကြတယ်။ အငယ်လေးတွေကို တော့ချန်ထားတယ်။ အဲဒီမှိုမျိုးက လူတစ်ထမ်းစာမက အချိန် ပိဿာ ၁၀၀ မက ကြီးတဲ့မှိုမျိုးရှိတာကို တွေ့ရတယ်။ အထဲဖက်မှာ ဖြူဖွေးပြီး နုညံ့တယ်၊ ရေစိုထားသလိုမျိုး ဟုတ်တယ်။ မပျက်အောင်သတိထားပြီး ထမ်းရတယ်။ ရေခဲတောင်မှာပေါက်တဲ့ ထဆူပင်လို့ခေါ်တဲ့ သစ်ငုတ်မှာ ပေါက်တာကိုတွေ့မြင်ရပါတယ်။ အဲဒီထဆူပင်က လေတိုက်လို့ဖြစ်ဖြစ် အကြောင်း တခုခုကြောင့် သစ်ပင်ဟာ အပင်ရဲ့အလယ် ဒါမှမဟုတ် ပျက်စီးပြီး အပင်ကျိုးသွားတာမျိုးဆိုရင် သစ်ငုတ်သာ ကျန်ရစ်တယ်။ အဲဒီအခါ သစ်ငုတ်အခွံက ဆွေးလာတယ်။ အဲဒီအချိန်ကနေ မှိုကလေးတွေစပေါက်လာတယ်။”

တရုတ်ပြည်သို့ ရောင်းချရာတွင် များသောအားဖြင့် မှို အလေးချိန် ၁ ပိဿာမှ ၁၀ ပိဿာရှိသည့် အရွယ်အစားများက ပိုများပြီး ပိဿာ ၁၀၀ ရှိသောမှိုမျိုးဆိုလျင် တရုတ်ငွေ ယွန် ၅ သောင်း (သိန်း ၈၀) အနည်းဆုံးရသည်ဟု သိရသည်။

သို့သော် ယခုချိန်တွင် မှိုကြီးများရှာဖွေရန် ရှားပါးလာသောကြောင့် ခက်ခဲသည်ဟု ခေါင်လန်ဖူးဒေသခံ အဖုန် KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အပင်ကြီးကြီးတွေ၊ အခွံအထူကြီးတွေမှာ ဆိုရင် တဖြည်းဖြည်းနဲ့ ပိုကြီးလာတယ်။ အပင်အကြီးကြီးမှာတော့ အခွံအရမ်း ထူတဲ့အတွက် တော်ရုံတန်ရုံနဲ့ ပျက်စီးမသွားပဲ နှစ် ဆယ်ချီထိန်းထားပြီး မှို က တဖြည်းဖြည်းကြီး လာတယ်။ အခွံထူတဲ့ အပင်မှာဆိုရင် ပို ကြီးပြင်း လာတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀၊ ၃၀ ကြာလာတော့ ပိဿာ ရာနဲ့ ချီပြီးရှိလာတယ်။ အပင်ငယ်ရင် အခွံပါးပါးလေးဖြစ်တာကြောင့် ဘယ်လောက်မှ မကြာပါဘူး။ သိပ်လည်းမကြီးတဲ့အချိန်မှာ ပြုတ်ကျ သွားတယ်။ အမြင့်ကပဲ ယူရတယ် အများပိုင်းပေါ့။ အဲဒါကို ခက်ခက်ခဲခဲ အရမ်းကြမ်းတမ်းတဲ့ကျောက်ကမ်းပါးတွေကို ခက်ခက်ခဲခဲ သွားပြီးအမြင့်ကြီးကနေ တဖြည်းဖြည်းမြေပေါ်သို့ချ လိုက်ရတယ်။ ပြီးမှ အင်မတန်မှ ကြမ်းတမ်းတဲ့လမ်း၊ နေရာတွေကိုဖြတ်ကျော်ပြီး ရွာကို အရင်ထမ်းရတယ်။ အိမ်ကနေ တခါ ရှိန်းခေါင်ဆိုတဲ့တရုတ်ပြည်နယ်စပ်ကို ထမ်းရတယ်။ စျေးဘယ်လောက်ပဲ နိမ်နိမ် ရောင်းလိုက်ရတယ်။”

ခေါင်လန်ဖူးဒေသည် ဝေးလံခေါင်ဖျားသော ဒေသဖြစ်သောကြောင့် ထိုမှိုများရောင်း၍ မိသားစုများ ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ လဘ္ဘက် စသည်များကို ပြန်လည်အစားထိုးဝယ် နိုင်ခြင်းဖြစ်သည်ဟု ဒေသခံများများမှ သိရသည်။

သို့သော် ယခုချိန် ခေါင်လန်ဖူးဒေသတွင် မိုးအဝင်နောက်ကျ၍ စပါးစိုက်ချိန် မစိုက်လိုက်ရပဲ ဆန်များလည်း ပြတ်လပ်နေချိန်ဖြစ်သောကြောင့် အခက်ခဲရင်ဆိုင်ရပြီး စားဝတ်နေရေးအတွက် အဆိုပါမှိုများရောင်းရန်လည်း ခူးချိန်မဟုတ်သောကြောင့် ပို၍ ခက်ခဲလာသည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

“တစ်ပတ်တွင်းရှာလို့မရဘူး။ အနည်းဆုံး (၂) ပတ်၊ (၃) ပတ်၊ တစ်လ တောင် ကြာသွားတတ်တယ်။ ဒါတောင်မှ အနည်းစုကသာ ရတာ။ ရှာတဲ့လူအကုန်ရတာ မဟုတ်ပါဘူး။ ယခုလက်ရှိအခြေအနေကလည်း အရင်နဲ့တော့ လုံးဝ မတူ တော့ဘူး။ အခုက နေရာအနှံ့မသွားတဲ့နေရာဆိုလို့ မရှိတော့ဘူး။ အကုန်လုံးက ရှာထားပြီးတဲ့ နေရာတွေ သာဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဥပမာ အချိန်ပိဿာ ၃၀၊ ၄၀ ရှိပြီဆိုရင် တရုတ်ငွေက ယွန် ၁ သောင်းအထိ စျေးရခဲ့တယ်။ ဗမာငွေနဲ့တွက်ကြည့်ရင် တရုတ်ငွေ ၈ ယွန် ကို ဗမာငွေ ၁၀၀၀ ကျပ်နဲ့တွက်ရင်တောင် အများကြီးဖြစ်သွားတာပေါ့။ ဒေသခံလူတွေက ရှားပါးမှိုရတော့လည်း မိမိရွာမှာ၊ နယ်စပ်မှာ ရောင်းဖြစ်တာနဲ့ တရုတ်ငွေ ယွန် ၁ သောင်း ရ ရမဲ့ဟာကို ရ၀၀ - ၆၀၀ ယွန်နဲ့ ကျေနပ်သွားတာ တွေပဲများပါတယ်။ ဒါကြောင့်မြန်မြန်လေး ယူသွားရတယ်။ မိုးတွင်းမှာ ရေစိုနေလို့ မထမ်းနိုင်လောက်အောင် အလွန်လေး ပါတယ်။ ဒါကြောင့် အဓိက ဆောင်းတွင်းကို ရွေးရတာဖြစ်တယ်။ အခု အကြီးတွေရဖို့မလွယ် တော့ဘူး။ တခါတလေ၊ တစ်ယောက်ယောက် ကရတယ်။ အရမ်းရှာရတာ ခက်ခဲတယ်။ ရေခဲတောင်တွေမှာပဲ ပေါက်တဲ့အခါ လူတွေအားလုံးက သွားလို့မရဘူးလေ။ အသက်စွန့်ပြီးသွားရှာကြတာပဲ။ မိသားစုအရေး အတွက်ပေါ့။ အများပိုင်းဒေသခံလူတွေက မသိဘူး။ မရှာဘူး။ အနည်း စုသာ ရှာစားခြင်းဖြစ်ပါတယ်။”

ထိုမှိုများကို အရွယ်အစားကြီး၍ စျေးကောင်းရရန် နှစ်ရှည်ထားရကြောင်းနှင့် စျေးရရန် မှိုခူးယူပြီးနောက် ရောင်းပန်းလှစေရန် ပင်ပန်းစွာ ဂရုစိုက်၍ ထမ်းယူရသည်ဟု ပြောသည်။

“မှိုကို အစို ရောင်းတယ်။ ဘာမှလုပ်စရာမလိုဘူး။ သူ့အလှမပျက်အောင်ပဲ အမြဲတမ်း မရောင်းမချင်းတော့ သတိထား ရမယ်။ အများကြီးပြုစုဖို့မရှိပါဘူး။ နဂိုအလှမပျက်အောင် ကွယ်ကာပေးတာ လောက်ပါပဲ။ ဥပမာ နေပူတဲ့နေရာတွေမှာ၊ မိုးရွာတဲ့နေရာတွေမှာ ကြာကြာမထားရဘူး။ ခဏတဖြုတ်တော့ ရတယ်။ သူ့ရဲ့ အောက် ဗိုက်ဖက်မှာ နည်းနည်း ဂရုစိုက်ပေးရုံလေးပါပဲ။ ရောင်းရမယ့်နေရာ မြန်မြန်လေး ရောက်အောင်တော့ ကြိုးစားရတယ်။ သူကအပင်ကနေယူပြီး ကြာကြာထားလိုက်ပြီဆိုရင် အလွန်ဘဲ အလေးချိန်ကျသွား တတ်ပါတယ်။ ရမယ့် အတိုင်းအတာ အထိမရပါဘူး။”

တရုတ်ပြည်တွင်မူ အငယ်ဆုံးမှိုကို ၁ ပေါင် ကျပ် ၁ ထောင်ခန့် စျေးရကြောင်းသိရသည်။ ထဆူမခမ်းခေါ် ရှားပါးမှိုကို ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၀၅ ခုနှစ်ဝန်းကျင်ကစတင်၍ တရုတ်ပြည်မှလာသော နောမီ လီဆူးတိုင်းရင်းသားတွေက တဆင့်ဒေသခံရွာသားတွေကို လိုက်ရှာခိုင်းရာက သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week