မြန်မာနိုင်ငံမှ ဒေါ်လဖိုင်ဆိုင်းရော် ကို Ramon Magsaysay ဆု ချီးမြှင့်

မြန်မာနိုင်ငံမှ ဒေါ်လဖိုင်ဆိုင်းရော် ကို Ramon Magsaysay ဆု ချီးမြှင့်
by -
ကချင်သတင်းဌာန

မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း ငြိမ်းချမ်းသည့် အနာဂါတ်အတွက် အုတ်မြစ်ချထားပေးခဲ့သူ အဖြစ် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) တည်ထောင်ခဲ့သူ ဒေါ်လဖိုင်ဆိုင်းရော် ကို ဖိလစ်ပိုင်နိုင်ငံက ရာမွန်မတ်ဆေးဆေးဆု (Ramon Magsaysay Award) ကို ချီးမြှင့်လိုက်သည်။

၂၀၁၃ Magsaysay ဆုရှင် လဖိုင်ဆိုင်းရော်။

ရာမွန်မတ်ဆေးဆေးဆုဖောင်ဒေးရှင်းမှ (Ramon Magsaysay Award Foundation) အာရှနိုင်ငံများတွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် ကြိုးစားအားထုတ်သူ အပြောင်းအလဲလုပ်နိုင် သူများအနေဖြင့် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး အခြားနိုင်ငံမှ ၄ ဦးနှင့်အတူ မြန်မာနိုင်ငံမှ ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော် (Lahpai Seng Raw) ကို ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

အာရှနိုင်ငံက အပြောင်းအလဲလုပ်ခဲ့သူများအဖြစ် ဆုချီးမြှင့်ခံရသော နိုင်ငံများတွင် အာဖဂန်နစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ နီပေါလ်နိုင်ငံနှင့် မြန်မာနိုင်ငံက ဒေါ်လဖိုင်ဆိုင်းရော် ဖြစ်ကြောင်း Ramon Magsaysay Award Foundation မှ ယမန်နေ့ ထုတ်ပြန်ကြေငြာချက်တွင် တွေ့ရသည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် “မြန်မာနိုင်ငံမှ လဖိုင်ဆိုင်းရော်- သူမ ဟာ တိုင်းရင်းသား ကွဲပြားခြားနားမှု ကြီးမားစွာရှိနေပြီး လက်နက်ကိုင် ပဋိပက္ခရဲ့ အတွင်းမှာ ထိခိုက်နစ်နာ ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းတွေကို ပြန်လည်အားဖြည့်စေဖို့နဲ့ ဒေသဆိုင်ရာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို အကြမ်းမဖက်ပဲ အားလုံး ပါ၀င်မှုနဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်တဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ အနာဂါတ်အတွက် အုတ်မြစ်ချထားပေး ခဲ့သူ ဖြစ်တယ်” ဟု ဆိုသည်။

ဆုချီးမြှင့်ခံရခြင်းနှင့်ပတ်သက်၍ မိမိရဲ့အောင်မြင်မှုအတွက် ချီးမြှင့်ခံရခြင်းသက်သက်မဟုတ်ပဲ အားလုံးဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုများအတွက် အသိအမှတ်ပြုဂုဏ်ပြုခြင်းလို့ သဘောပေါက်ကာ အားလုံးကိုယ်စား လက်ခံရယူခြင်းဖြစ်ကြောင်း ဒေါ်လဖိုင်ဆိုင်းရော် KNG ကချင်သတင်းဌာသို့ ပြောဆိုခဲ့သည်။

“ဒီဆုက ကျမတယောက်ထဲပဲ အောင်မြင်တာမဟုတ်ဘူးပေါ့နော်။ ကျမတို့အားလုံးဝိုင်းဝန်းကြိုးစားတဲ့ အတွက်ကြောင့်ပါ။ နောက်ပြီး အထူးသဖြင့် အခု စစ်မှန်တဲ့ငြိမ်းချမ်းရေးလည်း မရသေးဘူး၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာလည်း မရောက်သေးတဲ့အချိန်မှာ ကျမတို့ဒေသတွင်း အခက်အခဲပြဿနာ ရင်ဆိုင်နေရတဲ့အချိန်မှာ အချိန်ကိုက်ဖြစ်သလို အရမ်းလည်း ကောင်းသွားတယ်လို့မြင်ပါတယ်။ အဲဒါကြောင့် ဒီဆုချီးမြှင့်ခံရတဲ့အတွက် ကျမတို့ဒေသမှာ ခက်ခဲနေတာတွေကို ဆက်လက်လုပ်ရမဲ့တာဝန်တွေ အများကြီးရှိနေတယ်ဆိုတာ ပြည်တွင်းပြည်ပ အားလုံးကိုသိစေတဲ့ အထူးအခွင့်အရေးလည်းဖြစ်တယ်လို့ မြင်ပါတယ်။”

၄င်း၏ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြု၍ ထူးချွန်ထက်မြက်သူများနှင့်အတူ ထည့်သွင်းပေးခဲ့ခြင်း ကြောင့် ၀မ်းသာအားရ ကျေးဇူးတင်ကြောင်းနှင့် ဆုချီးမြှင့်ခံရခြင်းအားဖြင့်မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဆက်လက်ကြိုးစားအားထုတ်သွားမည််ဟု ဆက်ဆိုသည်။

“အထူးသဖြင့် ကိုယ့်ဒေသမှာက အစိုးရက အခုအပြောင်းအလဲလုပ်နေတယ်ဆိုပြီး အားလုံးကမြင်နေချိန် ကျမတို့ဒေသမှာတော့ ခက်ခဲနေသေးတဲ့အတွက် အခုချိန်ပေးလိုက်တာကိုအရမ်းကျေးဇူးတင်တယ်။ အဲဒါကြောင့် ဒီချိန်မှာချီးမြှင့်လိုက်တဲ့အတွက် ဒါကိုကျမတို့အသုံးပြုပြီး အထူးအခွင့်အရေးအနေဖြင့် ကျမတို့ဒေသမှာလိုနေသေးတယ်။ မြန်မာနိုင်ငံက တခြားဒေသနဲ့မတူပဲ ကျမတို့ဒေသမှာခက်ခဲနေတာကို ထုတ်ဖော်လိုက်တာဖြစ်တယ်လို့ သူတို့ကိုကျေးဇူးတင်တယ်။ သူတို့ ကျမကို ဆုတံဆိပ်ချီးမြှင့်တဲ့အချိန်မှာလည်း ၃ မိနစ်လောက် စကားပြောဖို့အခွင့်ပေးတယ်။ အဲဒီနောက် ၃၀ မိနစ် ပြောဖို့အခွင့်အရေးထပ်ပေးတယ်။ အဲဒီအချိန်မှာလည်း စကားပြောတဲ့အချိန်မှာ ကျမတို့အားလုံးအတွက် အကျိုးရှိတဲ့စကားတွေကို ပြောနိုင်ဖို့ အားလုံးလည်းလမ်းပြပေးရင်အကျိုးရှိပြီး ကိုယ့်ဒေသအတွက်လူမျိုးအတွက် အသုံးပြုနိုင်အောင်လို့ ကျမရည်ရွယ်ထားပါတယ်။”

ရာမွန်မတ်ဆေးဆေးဆုဖောင်ဒေရှင်းမှ ဆုကို ကွယ်လွန်သွားခဲ့သည့် ဖိလစ်ပိုင်သမ္မတ မတ်ဆေးဆေး ကိုဂုဏ်ပြုအမည်ပေးထားသော သမ္မတပုံပါဆုတံဆိပ်နှင့် ငွေသား ဒေါ်လာ ၅ သောင်းကို လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆုကိုလက်ခံရရှိပြီးနောက် ငွေသားကို ကချင်ပြည်နယ်မြစ်ကြီးနား မြစ်ဆုံရေကာတာကြောင့် ဒုက္ခခက်ခဲရင်ဆိုင်နေရသော ဒေသများ၏ ဖွံ့ဖြိုးရေးအတွက် ပေးလှူသွားမည်ဟု ဒေါ်ဆိုင်းရော် ကပြောသည်။

“ကျမက ဒီ US ဒေါ်လာ ၅ သောင်းကိုလည်း မြစ်ဆုံဒေသမှာ ခက်ခက်ခဲခဲဖြစ်နေတဲ့ဒေသခံတွေ ပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နောက်ပြီး မြစ်ဆုံ မပျက်စီးသွားအောင် ကျမတို့ဝိုင်းကြိုးစားမယ့်နေရာမှာ အသုံးပြုမယ်။ အဲဒီနေရာမှာပေးလိုက်ဖို့ကျမဆုံးဖြတ်ထားပါတယ်။ ဆိုတော့ ဒီ မြစ်ဆုံကို ကာကွယ်ချင်တဲ့သူတွေ မြစ်ဆုံထာဝရတည်နေဖို့ မြစ်ဆုံအထက်ဒေသခံတွေ အားလုံး ပျော်ရွှင်ဝမ်းမြောက်စွာ ရပ်တည်သွားနိုင်ဖို့ ကျမတို့ သား မြေးတွေခေတ်ထိ လှနေဖို့အတွက်ဆိုပြီး စိတ်ပါ၀င်စားပြီးထပ်ထည့်ချင်တဲ့သူတွေကိုလည်း ထပ်ပေးပေါ့။ ကျမထည့်လိုက်တာ ၅ သောင်းက မလောက်ဘူး အလုပ်ကများတယ်လေနော်။ ဒါပေမယ့် ဒီလိုမျိုးလုပ်ခြင်းအားဖြင့် တခြား မိဘဆွေမျိုးတွေ မိတ်ဆွေတွေ ဒါကိုနှစ်သက်တဲ့ပြည် တွင်းပြည်ပက အဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနိုင်ရင်  ဒီမြစ်ဆုံကို ဖျက်ဆီးဖို့ ဖြစ်နိုင်တော့မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”

ဒေါ်လဖိုင်ဆိုင်းရော်သည် မေတ္တာဖောင်ဒေးရှင်း (Metta Foundation) ကို ၁၉၉၈ ခုနှစ်တွင်စတင်တည် ထောင်ခဲ့ပြီး ယခုအခါ ပြည်နယ် ၅ ခုနှင့် တိုင်းဒေသကြီး ၄ ခုတွင် ဖြန့်ကျက်လုပ်ဆောင် လာနိုင်ကြောင်း သိရသည်။

ယခုချိန် ဒေါ်လဖိုင်ဆိုင်းရော်သည် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အနားယူထားသော်လည်း ၁၇ နှစ်လုံး အပစ်အခတ်ရပ်စဲခဲ့ပြီးခါမှ ပြန်လည်ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများတွင်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အတွက် ပါ၀င်နေဆဲဖြစ်ကြောင်း သိရသည်။

“အခုချိန်မှာတော့ ကျမတို့ဒေသမှာ မငြိမ်းချမ်းသေးတဲ့ နိုင်ငံရေးကို ကျမတို့ဒုက္ခရောက်နေတဲ့ အဓိက က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမရှိတဲ့ အတွက် ဖြစ်လို့ နိုင်ငံရေးဆွေးနွေးမှုဖြစ်လာအောင် အားလုံး လက်ခံနားလည်ပြီး မြင်လာဖို့ အဲဒီဖက်ကို ကြိုးစားပြီး ညှိနှိုင်းနေတာတွေလုပ်နေ ပါတယ်။ ပြီးတော့ နိုင်ငံထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ ကြီးငယ် အားလုံး ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ ပိုပြီးအားရှိလာအောင် အချင်းချင်း ၀ိုင်းလမ်းပြ ၀ိုင်းပံ့ပိုး လာအောင် အဲဒါတွေကိုလည်း ကျမအားထုတ်ပြီး ဘေးကနေ အားပေးနေပါတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌကြီးဦးဘရန်ဆိုင်း (ကွယ်လွန်) က မြန်မာပြည်မြောက်ပိုင်း နယ်စပ်တလျှောက် အတိဒုက္ခရောက်နေသော ပြည်သူတို့၏ ဘဝကို မြှင့်တင်ပေးရန်အားပေးတိုက်တွန်း ခဲ့ခြင်းဖြစ်သည်ဟု ၄င်း၏ကြေငြာချက်တွင်ပါရှိသည်။

၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးရရှိပြီးနောက် ပြည်တွင်းမငြိမ်မသက်မှု၏ ဆိုးကျိုးခံစားရသော ဒေသခံများကို အကူအညီပေးနိုင်မည့် စီမံချက်များကို လွပ်လပ်ပွင့်လင်းစွာလုပ်ဆောင်နိုင်ဖို့အတွက် တံခါးဖွင့်ပေးခဲ့တဲ့ နိုင်ငံ့အကြီးအကဲများ တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်ဘက်နယ်ဘက် ဌာနဆိုင်ရာ တာဝန်ရှိုပုဂ္ဂိုလ်များ ကျေးဇူးတင်စကားပြောဆိုထားသည်။

ဒေါ်လဖိုင်ဆိုင်းရော်သည် ရာမွန်မတ်ဆေးဆေးဆု ကို ကချင်လူမျိုးထဲမှ ပထမဦးဆုံးချီးမြှင့်ခံရသူလည်းဖြစ် သည်။

Most read this week