မတရားအသင်း ပုဒ်မ ဖြင့် အဖမ်းခံရ ကချင်အမျိုးသား အများစု မလွှတ်သေး

မတရားအသင်း ပုဒ်မ ဖြင့် အဖမ်းခံရ ကချင်အမျိုးသား အများစု မလွှတ်သေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားတွင် မတရားအသင်း ဆက်သွယ်မှု ၁၇(၁) ပုဒ်မဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသော ကချင်အမျိုးသားအချို့  လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော်လည်း အများစုမှာ လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

အစိုးရက ဦးဘရန်ရှောင်အပါအဝင် အခြားတိုင်းရင်းသားများပါ၀င်သည့် ၁၃ ယောက်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ကချင်ဒေသမှ မတရားအသင်းဆက်သွယ်မှု ၁၇(၁) ဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ အယောက် ၂၀ ခန့် လွတ်မြောက်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိချိန်ထိဖမ်းဆီး စစ်ဆေးခံနေရ သူ  ၈ ဦးခန့်ရှိနေကြောင်း ရှေ့နေဦးမားခါးပြောသည်။

အမတ် ၁ ရဲစခန်း၊ မြစ်ကြီးနား

“၁၇(၁) ပုဒ်မနဲ့ ဖမ်းတာအများပိုင်းက အပြစ်မရှိပဲဖမ်းထားတာများတယ်။ လထော်ဘရန်ရှောင်ကိုလည်း အပြစ်မရှိဘဲ ဖမ်းဆီးနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပြီးတော့ မရမနေထောင်ချပြီး တရားရုံးကလည်း အပြစ်ရှိတယ်ဆိုပြီး မတရားစီရင် အခုကသူတို့ မျက်နှာသာယူ ပြန်လွှတ်ပေးတာ။”

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွှတ်ပေးမည်ဟု ကတိပြုထားသော ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက် သွယ်မှုဖြင့်စီရင်ချက်ချခံ ထား ရသူ ဦးဘရန်ရှောင်အား ကိုယ်တိုင်စခန်းသို့ပို့ပေးခဲ့သည်။

“၁၇(၁) အစိုးရဖမ်းတာ အများပိုင်းကအပြစ်မရှိ သာမန်ပြည်သူတွေဖြစ်တယ်လို့မြင်တယ်။ တကယ်ဆက် သွယ်ပြီး ဖမ်းဆီးထားတဲ့ သူတွေလည်းရှိတယ်။ အများပိုင်းက အပြစ်မရှိဖမ်းဆီးထားတဲ့သူတွေဖြစ်တယ်။ ၁၇(၁)နှင့် တရားစီရင်နေတဲ့ သူလည်းရှိသေးတယ်” ဟု ဦးမာခါးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုချိန် တရားဝင်အားဖြင့် ရွှေစက်နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းမှ ဖမ်းဆီးခံရသူ လဖိုင်ဂမ် (Lahpai Gam)၊ ဘရန်ယုန်း (Brang Yung) တို့အား အမှုစစ်ဆေးနေဆဲဖြစ်ပြီး နေအိမ် ဗုံးပေါက်ကွဲမှုဖြင့် ဦးဒယောင်တန်ဂွန်း (Dayau Tang Gun)၊ ဇော်ဆိုင်းအောင် (Zau Seng Awng)နှင့် အခြားဒေသ ခံများလည်း ချုပ်နှောင်ခံရဆဲဖြစ်ကြောင်း ကချင်ဥပဒေ အထောက်ပြုကွန်ယက်မှ သိရသည်။

တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့် သက်ဆိုင်သော အဆိုပါ မတရားအသင်းပုဒ်မ ၁၇(၁) နှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရုပ်သိမ်းပေးရန် အင်ဂျန်းယန် (N’Jang Yang) ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သေးသည်။

သို့သော် ယခုချိန်ထိ မတရားအသင်းပုဒ်မ ဖြင့် ဖမ်းဆီးအရေးယူနေခြင်းသည် ပြည်သူလူထု၏ နေ့စဉ်ဘဝ အသက်ရှင်နေထိုင်ရေးအတွက် ခြိမ်းခြောက်မှုတခုနှင့် ဒုက္ခအခက်အခဲဖြစ်စေသလို အစိုးရပေါ်တိုင်းရင်း သားများ အယုံအကြည်ကင်းမဲ့စေသည့် အချက်တချက်လည်းဖြစ်သည်ဟု လွှတ်တော်အမတ် ဒေါ်ဒွဲဘူ ကပြောသည်။

“ကျမအနေနဲ့ကတော့ သူတို့မိဘလုပ်နေတဲ့သူတွေ အစိုးရလုပ်နေတဲ့သူတွေ အစ်ကိုကြီးလုပ်နေတဲ့သူတွေက အားလုံးကို တရားမျှစေချင်တယ်ဆိုရင် ကျမတို့ကို မတရားအသင်းဆိုပြီးလုပ်တာကို အရင်ရုတ်သိမ်းရမယ်။ အဲဒါကို မရုတ်သိမ်းရင်တော့ အလုပ်လုပ်ဖို့လည်းခက်တယ်။ ပြီးတော့ ကျမတို့အပေါ်မှာ တကယ်မေတ္တာထားပြီး လုပ်တယ် မလုပ်ဘူးဆိုတာလည်း ခန့်မှန်းဖို့ခက်တယ်။ ကျမတို့ကို အကောင်းဖက်ကနေ ရည်ရွယ်ပြီး လုပ်နေတယ်ဆိုတာကို သိနိုင်ဖို့ သူတို့ရဲ့မေတ္တာကို တိုင်းရင်းသားတွေကို အရင်ပေးရမယ် တကယ်တမ်း အပစ်ရပ်ချင်တယ်။ ငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် ကျမတို့တိုင်းရင်းသားတွေကို မတရားအသင်းလုပ်ထားတာ ကို အရင်ထုတ်ပေးပါ။ အဲဒါဖြုတ်ပေးရင် ကျန်တာတွေက တိုးတက်လာမယ်။”

ထို့ကြောင့် ငြိမ်းချမ်းရေးတည်ဖော်ဆောင်နေချိန် ပြည်သူလူထုအားဒုက္ခရောက်စေသည့် အဆိုပါမတရားအ သင်း မှ ဖယ်ရှားပေးရန် လွှတ်တော်တို့ အရေးကြီးသည့်ကဏ္ဍအနေဖြင့် ဆက်လက်အဆို တင်သွင်းသွားမည်ဟု ဒေါ်ဒွဲဘူပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များသည် ပြည်သူလူထုထဲမှဖြစ်သောကြောင့် ဖမ်းဆီးအရေးယူမည်ဆိုပါက မည်သူမှ ထိုပုဒ်မနှင့် ကင်းရှင်းနိုင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာချိန်၂၀၁၁ ခုနှစ်မှစ၍ ကချင်ဒေသတွင်း KIA အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်သွယ်သူများဟု သံသယရှိသူများကိုစွပ်စွဲဖမ်းဆီး ခဲ့ကြောင်း သိရသည်။

Most read this week