ကချင်ပြည်နယ် ပူတာအိုခရိုင် ဆန်ပြတ်လပ်မှု ပြောင်းနှင့် မျှစ်များ အစားထိုးနေရ

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆန်ပြတ်လပ်မှု ပြောင်းနှင့် မျှစ်များ အစားထိုးနေရ
by -
ကချင်သတင်းဌာန

ယခင်နှစ်မှ ဖြစ်ပွားနေသော ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုပြဿနာ များကို ယခုချိန်ထိ ဒေသခံများကြာရှည်ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာများ အားနည်းလာကြောင်းသိရသည်။

မိုး အဆက်မပြတ်ရွာသွန်းလို့ မီးမရှို့နိုင်သေးတဲ့ ခေါင်လန်ဖူးဒေသမှ တောင်ယာ။ ပုံ-KNG ကချင်သတင်းဌာန

ဆန်ပြတ်လပ်မှုဖြစ်ပွားနေချိန် ဆန်စျေးသည်လည်း အဆမတန်ထိုးတက်နေသောကြောင့် ဒေသခံများသည် ဆန်အစား အခြားအစားအစာများကို အသက်ရှင်နေနိုင်ရေးအတွက် စားနေရသောကြောင့် ကြာရှည်တွင်ကျန်း မာရေးထိခိုက်မှု သိသိသာသာရှိလာကြောင်း မချမ်းဘောဒေသခံ ဒေါ်ဂေနာ က KNG ကချင်သတင်းဌာသို့ ပြောသည်။

“ဆန်တွေအရမ်းခက်နေတယ် မချမ်းဘောမှာလည်း ရောင်းတဲ့လူတွေက သိပ်မရှိဘူးလေ။ ဆန်မရှိတဲ့သူတွေက တော့ ပြောင်းဖူးတွေစား၊ တောက မျှစ်တွေရှာစား အဲလိုလုပ်နေကြတယ်။ ဒီဇင်ဘာတောင် မရောက်ခင် ကတည်းက ဆန်ပြတ်သွားတဲ့ သူတွေလည်းရှိနေပြီလေ။ အခုတလောတော့ ပိန်းဥတွေစားနေကြတယ်။  ပိန်းဥကတော့ တပုံးမှာ ၄ ထောင်ရောင်းတယ်။ အခုတလော ဖျားလည်း အရမ်းဖျားတယ်။ ငှက်ဖျားပိုးကများတာနဲ့ တအိမ်ထောင်မှာ ၃ ယောက် ၄ယောက်တော့ ဖျားနေကြတယ်။ သက်ကြီးပိုင်းက သေတာလည်းရှိတယ်။”

ဆန်ပြတ်လပ်သောဒေသများသည် ပူတာအိုမြို့နယ်နှင့် နောင်မွန်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မချမ်းဘောမြို့နယ်များဖြစ်ကြောင်း သိရသည်။

အဓိက ပြဿနာသည် မိုးအလွန်များပြီး ကြွက်ပေါသောကြောင့် ဒေသခံများ၏လယ်ယာမြေများမှ အသီးအနှံများ၊ စပါးပင်၊ မြက်ပင်ပါမကျန် ကြွက်စားကုန်ပြီး စပါးမဖြစ်ထွန်းသောကြောင့် ဆန်ပြတ်လပ်မှုအပြင် ၀င်ငွေအတွက်လည်း ခက်ခဲသွားခြင်းဖြစ်သည်ဟု မချမ်းဘောဒေသခံ ဒေါ်ဂေနာ က ဆက်ပြောသည်။

“မနှစ်တုံးက စပါးလည်းသိပ်မဖြစ်ထွန်းဘူး။ ကြွက်တွေပေါပြီးစားကုန်တယ်။ အခုတလောက ဆန် ၃ ပုံးမှာ ၅ သောင်းနဲ့ဝယ်စားနေကြတယ်။ မနှစ်တုံးကနဲ့ ဒီနှစ်က စျေးလည်းအရမ်းတက်တယ်။ အရင်ကဆို ပုံမှန် ၁ ပြည်မှာ ၁ ထောင်ပဲ အခုတော့ ၁ပြည်မှာ ၃ ထောင်ကျော် ကျတယ်။ ကျမတို့ဆီမှာက ဆန်ကိုလည်း အနိမ့်ဆုံးဆိုတာ မရှိဘူး။ တမျိုးထဲပဲရောင်းတာပါ။ လယ်ထွက်စပါးက စားလို့ကောင်းတယ်။ အခုက အောက်ပိုင်းကလာတဲ့ ဆန်တွေဝယ်စားကြတာအညံ့စားပေါ့။ စားလို့မကောင်းဘူး။ ပိုက်ဆံမရှိတဲ့သူတွေ မုဆိုးမတွေက မဝယ်စားနိုင်ဘူးလေ။”

ပူတာအိုခရိုင်တွင် ယခင်က ဆန် ၁အိတ် ပေါက်စျေး ၂ သောင်းခွဲ စျေးရှိရာ ယခုတွင် ဆန် တအိတ်လျင် ၅ သောင်းအထက် စျေးရှိနေချိန် ရောင်းမည့်သူများမရှိအခြေအနေဖြစ်သည်ဟု ပြောသည်။

လွန်ခဲ့သည့် မတ်လပိုင်းက အစိုးရဆန်အခက်ခဲဖြေရှင်းသည့်အစီစဉ်ဖြင့် ၁ မိသားစုလျင် နို့ဆီဗူး ၅ ခွက်စီကို ဝေပေးခဲ့ကြောင်း ဒေသခံများပြောသည်။

ဒေသခံများသည် ဆန်အခက်ခဲကြောင့် တရုတ်ပြည်နယ်စပ်သို့ သွားကာ ၀ယ်စားသော်လည်း ခရီးလမ်းဝေးခြင်း နှင့် ငွေရေးကြေးရေး အခက်ခဲကြောင့် ပုံမှန်သွားလာရန် အခက်ခဲဖြစ်နေကြောင့် အချို့ဒေသခံများသည် မြစ်ကြီးနားနှင့် အခြားဒေသများသို့ ပြောင်းသွားသူများလည်းရှိလာသည်ဟု ပူတာအိုဒေသခံ ဦးဒေးဗစ်က KNG ကချင်သတင်းဌာန သို့ပြောပြပါသည်။

“တချို့မိသားစုတွေက မိသားစုအလိုက်ပြောင်း ရွှေမှော်ရှိရာ တနိုင်းသွားကြတယ်။ ဖားကန့်သွားကြတယ်။ အဲလိုပေါ့နော်။ သူ့မိသားစုတွေကို မြစ်ကြီးနားမှာထားပြီးတော့ ပိုက်ဆံရှာနိုင်တဲ့လူတွေက မှော်ထဲသွားကြတယ်။ ကျမ်းမာရေးကျတော့လည်း အင်မတန်မှဆိုးပါတယ်။ ခါတိုင်းနှစ်တွေထက်မကဘူး။ သေတဲ့လူတွေလည်း များတယ်။ ဖျားနာနေတဲ့လူတွေလည်း များတယ်။ စားဖို့သောက်ဖို့က မရှိဘူးဆိုတော့ အဓိက အမျိုးသမီးကလေး တွေက ပိုပြီးခက်ခဲတာပေါ့။ အခုတလောဆိုရင် ဟင်းသီးဟင်းရွက်တွေက နည်းနည်းရှိတယ်ဆိုတော့ အဲဒါတွေနဲ့ ဆန်ပြုတ်လေးတွေ စားကြတာပေါ့။”

ယခုနှစ်မှာလည်း ခေါင်လန်ဖူးမြို့နယ်တွင် ယခင်နှစ်များထက် မိုးအဝင်နောက်ကျခြင်းကြောင့် လယ်ယာမြေမှာ ရေမရှိပဲလယ်စိုက်ဖို့အခက်အခဲရှိသောကြောင့် လယ်ယာများပစ်ထားခဲ့ကြောင်း သိရသည်။

ပူတာအိုဒေသခံတွင် ဒီဆန်ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရန် ပြည်နယ်အစိုးရမှပြီးခဲ့သည့် နှစ်အတွင်း ဆန်အိတ်များကိုလေယာဉ်ဖြင့် ပို့ဆောင်ကာ ရောင်းပေးခဲ့ကြောင်း သိရသည်။

သို့သော် ယခင်နှစ်အတွင်း  ပြည်လိုက်ဖြင့် ၁ ကြိမ်သာ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၃ ရက်အတွင်း ဆန်များကုန်သွားခဲ့သည်ဟု ဦးဒေးဗစ်က ပြောသည်။

“လွန်သွားတဲ့အချိန်ပေါ့နော်။  ကြံ့ခိုင်ရေးက နည်းနည်းကူညီတယ်။ ဒါမဲ့ ကူညီတာတော့မဟုတ်ပါဘူး။ ရောင်းပေးတာပဲတယောက်ကို ၄ ပြည်လောက်ပဲ။ အများကြီးရတဲ့လူတွေပေါ့နော်။ ၁နှစ်လုံးမှာ ၄ ပြည်လောက်ပဲ ပြောတာတော့ အခမဲ့ကူညီတာလို့ပြောတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ပိုက်ဆံကောက်တာပေါ့။”

ယခုနှစ်တွင်လည်း အစိုးရအာဏာပိုင်များနှင့် စီးပွားရေသမားများက ဆန်အိတ်များ ထောင်ဂဏန်း ကြိုတင် သိုလှောင်ထားခြင်းများကို ဒေသခံများမြင်တွေ့ရသော်လည်း ယခုချိန်ရောင်းပေးခြင်းမရှိသေးသောကြောင့် ဆန်ပြတ်လပ်မှုအခဲများကို အမြန်ဆုံးဖြေရှင်းရန် အဖက်ဖက်မှ စေတနာရှင်များကိုလည်း ဒေသခံများ မျှော်လင့်နေကြသည်။

ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုများသည် ၂၀၁၂ ခုနှစ် မှစတင်ခဲ့ခြင်းဖြစ်ပြီး မိုးများ၍ ကြွက်ပေါသောပြဿနာ နှင့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှစ်ဖက် တင်းမာနေချိန် စတင်ခက်ခဲလာဖြစ်ပြီးလမ်းပန်း ဆက်သွယ်ရေးတွင် လမ်းတံတားများ ဖျက်ဆီးမှုကြောင့်လည်း သွားလာရေးအတွက် အဆင်မပြေမှုများ ကြောင့်ဖြစ်သည်ဟု ဒေသခံများသုံးသပ်ပြောဆိုသည်။

Most read this week