မြန်မာလိုင်းကားများ ထိုင်းဖက်သို့ ၀င်ခွင့်မပြုတော့

မြန်မာလိုင်းကားများ ထိုင်းဖက်သို့ ၀င်ခွင့်မပြုတော့
by -
သီတာထွန်း
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ မဲဆောက်မြို့တွင်းသို့ ပြေးဆွဲနေသည့် မြန်မာဘက်ခြမ်းမှ ခရီးသည်တင်ကားများ မဲဆောက်မြို့တွင်းသို့ သွားလာခွင့် ပိတ်ပင်လိုက်ပြီဖြစ်သည်။ ယမန်နေ့က မြန်မာလိုင်းကားများကို မကျေနပ်သဖြင့် ထိုင်းလိုင်းကားများက ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး တံတားကို ကားများဖြင့် ပိတ်ဆို့ ...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ မဲဆောက်မြို့တွင်းသို့ ပြေးဆွဲနေသည့် မြန်မာဘက်ခြမ်းမှ ခရီးသည်တင်ကားများ မဲဆောက်မြို့တွင်းသို့ သွားလာခွင့် ပိတ်ပင်လိုက်ပြီဖြစ်သည်။

ယမန်နေ့က မြန်မာလိုင်းကားများကို မကျေနပ်သဖြင့် ထိုင်းလိုင်းကားများက ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး တံတားကို ကားများဖြင့် ပိတ်ဆို့ဆန္ဒပြ အပြီးတွင် မြန်မာ လိုင်းကားများသွားလာမှုကို ပိတ်လိုက်ခြင်း ဖြစ််သည်ဟု မြဝတီမြို့မှ ကားသမားတဦးက ပြောသည်။

“လက်ရှိအနေအထားက ကျနော်တို့ကားတွေက သွားလို့မရသေးဘူးလေ၊ သူတို့(ထိုင်း) လိုင်းကားတွေ တော့ သွားနေတယ် လက်ရှိအခြေအနေမှာ၊ ကျနော်တို့ကားတွေက ကူးလို့မရသေးဘူး၊ အားလုံး ဘယ်ကားမှ သူတို့မပေးသွားဘူး၊ ထိုင်းဖက်က မပေးသွားတာ။”

ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ထားခြင်းမရှိတော့ဘဲ ထိုင်းဘက်ခြမ်း တံတားထိပ်မှ မဲဆောက်မြို့တွင်းသို့ ထိုင်းလိုင်းကားများ ပုံမှန်ပြေးဆွဲနေပြီဟု မြန်မာခရီးသည်တဦးက ပြောသည်။

ယခုကဲ့သို့ မြန်မာလိုင်းကားပိတ်ပင်မှုမှာ တရားဝင်ညှိနှိုင်းခြင်းမျိုးမဟုတ်ဘဲ မြန်မာဖက်က လိုက်လျော လိုက်ခြင်း သာ ဖြစ်သည်ဟု မြန်မာကားသမားက ပြောသည်။

“ညှိနှိုင်းရတယ်လည်းဆိုုလို့မရဘူး၊ အနေအထားတခုက သူတို့ကို(ထိုင်း) လိုက်လျောရတဲ့ သဘော လည်း နည်းနည်းပါတယ်လေ၊ လိုက်လျောခြင်း မရှိဘူးဆို မြန်မာပြည်ဘက်က ပိတ်မယ်ဆို သူတို့အားလုံးသွားပြီပေါ့၊ အားလုံး ပြသနာတက်ပြီပေါ့၊ ခု မြန်မာပြည်ဘက်က လွှတ်ပေးတယ်လေ၊ လွှတ်ပေးတယ် လက်မှတ်လုပ်ပေးတယ်၊ ဟိုဖက်ကမ်းကလည်း လက်မှတ် လုပ်ပေး တယ်၊ ပြီးတဲ့အခါကျတော့ သူတို့လိုင်းကား ပေါ်တက်စီးတယ် လေ၊ တသက်လုံး သူတို့ပစ္စည်းတင်လာတာ ဒီလိုပုံစံဘဲလေ၊ ဘယ်လိုဖြစ် လာမလဲမသိဘူး နောက်ပိုင်းတော့၊ လောလောဆယ်တော့ မြန်မာဘက် က လျော့ပေးတဲ့ အခြေအနေ ရှိတယ်လေ၊ ကျနော်တို့ဘက်ခြမ်း လူကြီးတွေက ညှိခဲ့ပါတယ်။”

ယခုကဲသို့ှ အလျော့ပေးခြင်းမှာ မြန်မာဖက်ခြမ်းမှ မိမိတို့အမှားကြောင့် အလျော့ပေးခြင်းဖြစ်နိုင်သည်ဟု ၄င်းက သုံးသပ်ပြီး  မြန်မာလိုင်းကားများ သွားလာခွင့် ပိတ်လိုက်သောကြောင့် ယခုချက်ချင်း မသိသာသော်လည်း  ရေရှည်တွင် လိုင်းကား ပြေးဆွဲနေသူများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နိုင်သည်ဟု ဆိုသည်။

မြန်မာဘက်ခြမ်းတွင် မဲဆောက်မြို့တွင်း ပြေးဆွဲနေသည့် တရားဝင် လိုင်းဝင်ထားသည့် ကားစီးရေ (၉၀) ခန့်ရှိပြီး တရားမဝင်နှင့်ဆိုလျှင် (၁၀၀) ကျော်ရှိသည်။ မြန်မာလိုင်းကားများမှာ စျေးနှုန်းချိုသာပြီး အစစ်အဆေး မရှိသည့်အပြင် အိမ်တိုင်ယာရောက်လိုက်လံပို့ဆောင်ပေးသဖြင့် အများစုက စီးခဲ့ကြသည်။

ထို့ကြောင့် ထိုင်းလိုင်းကားသမားများက ၀င်ငွေကျဆင်းလာရာမှ မကျေနပ် သဖြင့် ယမန်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ကားများဖြင့် ပိတ်ဆို့ရပ်တန့်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။

Most read this week