KIA ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အစိုးရတပ်များ ဆက်လက် တင်းမာနေ

KIA ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အစိုးရတပ်များ ဆက်လက် တင်းမာနေ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် အစိုးရတပ် ခလရ (၁၂၃)နှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၅)ကြား ယမန်နေ့က ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်၍ တင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲချိန််မှ ၅ နာရီခွဲထိ အင်အား ၁၀၀ ကျော်ရှိသော အစိုးရတပ်နှင့် MHH တပ်ခွဲ (၅) တို့ ခလဲန်ရွာ (Hka Len) တွင် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှ ခလဲန်ရွာကုန်းမှ လက်နက်ကြီး (၈၁ မမ နှင့် ၆၀ မမ) နှင့် စက်လက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်ခွဲ (၅) မှ သိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက် ၎င်းအစိုးရတပ်များသည် ခလဲန်ရွာ (Hka Len) ရွာရှိလီဆူးနှစ်ခြင်း ဘုရားကျောင်းဝင်းထဲသို့ အကာအကွယ် ယူနေသဖြင့် MHH တပ်ခွဲ (၅)မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရန် ခက်ခဲနေကြောင်း တပ်ခွဲ (၅) မှ တပ်ခွဲမှူးဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျွန်တော်တို့က ရွာသားတွေရှိတဲ့နေရာမှာ မပစ်ဘူးဆိုတာသိတော့ အစိုးရတပ်က ရွာထဲမှာပဲ အကာအကွယ်ယူနေကြတာ။ ဒီနေ့ နေ့လည်ထိ ထွက်မလာရင်တော့ ရွာသားတွေကို ဖယ်ခိုင်းပြီး ပစ်မယ်လို့လုပ်နေကြတာ” ဟုဆိုသည်။

အစိုးရတပ်ဘက်မှ ယမန်နေ့ ဖိုင်ကောင်းရွာတွင် တပ်ခွဲ (၅)မှ တပ်သား ၂ ဦး၏ သေနတ်သိမ်းယူသွား လိုက်ခြင်းကြောင့် ယနေ့ နှစ်ဖက်တပ်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရန် နေရာယူနေဆဲ ဖြစ်ကြောင်း တပ်ခွဲမှူးဆက်ဆိုသည်။

“မနေ့က ကျွန်တော်တို့ တပ်သား ၂ ယောက် ဖိုင်ကောင်းရွာ (Hpai Kawng mare) သူတို့အိမ်မှာရှိနေချိန် အစိုးရတပ်တွေ ရုတ်တရက်ဝင်လာတော့ သေနတ် ၂ လက်ကျန်ခဲ့ပြီး  ကိုယ်လွတ်ထွက်ပြေးခဲ့ရတော့ ကျန်ခဲ့တဲ့သေနတ် ၂ လက်ကို အစိုးရတပ်တွေသိမ်းသွားတာ အဲဒီလက်နက်ပြန်ရအောင် နေရာချပြီးစောင့်နေကြတာ။”

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်တပ်၏ ကျဆုံးဒဏ်ရာရရှိမှုကို မသိရှိသေးပါ။

တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဆိုင်းထူခက်ရွာ (Seng Htu Hkyet mare) တွင် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅)မှ စခန်းချလာချိန်မှစ၍ အစိုးရတပ်များသည် စစ်ရေးလှုပ်ရှားမှုစိပ်လာပြီး နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ မကြာခဏဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

Most read this week