ဦးဘရန်ရှောင်အားသမ္မတမှလွတ်ငြိမ်းချမ်းသာခွင့်ပေး ၊ ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် စခန်းသို့ လိုက်ပို့

ဦးဘရန်ရှောင်အားသမ္မတမှလွတ်ငြိမ်းချမ်းသာခွင့်ပေး ၊ ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် စခန်းသို့ လိုက်ပို့
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင်လ ၂၃ ယနေ့ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

 Kachin Waves

“နိုင်ငံတော်သမ္မတအနေနဲ့ ၁၇ (၁) နဲ့တရားစွဲထားတဲ့တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာပေါ့။ ကျနော်သိသလောက်က မြစ်ကြီးနားက ၁၃ ယောက်ဟုတ်တယ်။ အဲဒီမှာ ဦးလထောင်ဘရန်ရှောင်ကိုတော့ ဦးအောင်မင်း သူကိုယ်တိုင်ခေါ်လာပြီး ဒုက္ခသည်စခန်းမှာ လာပို့ပေးတာဟုတ်တယ်။ ညနေပိုင်း ၁ နာရီခွဲမှာ ဂျန်မိုင်ကောင်းဒုက္ခသည် စခန်းမှာ ရောက်လာတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သောကြောင့် အလွန်ဝမ်းမြောက်ဝမ်းသာကြောင်း ဦးဘရန်ရှောင်က KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျနော်က အစကတည်းက စရဖ တွေကိုပြောတာလေ။ ကျနော်က KIA စစ်သားလည်းမလုပ်ဖူးဘူး၊ တွေ့လည်း မတွေ့ဖူးဘူး လို့ပြောတယ်။ အဲဒါကို တခါတည်း ၃ ပွင့်ဆိုပြီး ပုဒ်မလုပ်ပြီးမှမဖြစ်ဖြစ်အောင်ဝန် ခံခိုင်းပြီး ထောင် ကိုလည်း ၁၈ ရက်နေ့အမိန့်ချပြီး ထည့်လိုက်တာ အဲဒါကို ကျနော်ကအံ့သြ နေတယ်။ ဒါပေမဲ့ ဒီနေ့  ဦးအောင်မင်းသူကိုယ်တိုင် မြစ်ကြီးနားထောင်မှာလာပြီး သူတို့လက်မှတ်ထိုးပြီး လွတ်ပေးတာဆိုပြီး ရှင်းပြတယ်။ ကျနော်လည်း ကျနော်တို့ ဒုက္ခသည်မိသားစုတွေနဲ့ ဒီနေ့ပဲ ပြန်တွေ့ဆုံရလို့အရမ်းဝမ်းသာတယ်။ ပြီးတော့ ဒီကတာဝန်ခံ ဆရာတွေအားလုံးကိုလည်း  အစစအရာရာလုပ်ဆောင်ပေးလို့ အရမ်းဝမ်းသာတယ်။ ကျေးဇူးတင်လို့တောင် မဆုံးဘူး။”

ဦးဘရန်ရှောင်ကို ၂၀၁၂ ယမန်နှစ် ဇွန်လ ၉ ရက်နေ့ညတွင် ဖောက်ခွဲမှုဖြင့် ဂျန်မိုင်ကောင် (Jan Mai Kawng) စစ်ပြေး ဒုက္ခသည်စခန်းတွင်နေထိုင်ရာမှ အမှတ် (၁) ရဲစခန်းမှ ဖမ်းဆီးသွားပြီးနောက် KIO နှင့်ပတ်သက်သူဟု ၁၇ (၁) ပုဒ်မဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၁၈ ရက်နေ့တွင်တဖန် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုုနှစ် ဇွန်လအထိ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တွင် တာဝန်ထမ်းဆောင်ခဲ့သူအဖြစ် မတရားအသင်း ၁၇ (၁) ပုဒ်မဖြင့် မြို့နယ်တရားသူကြီး ဦးမြင့်ထူးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းတွင် အစိုးရနှင့် KIO အဖွဲ့များ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြီး ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းသို့ လာရောက် ကြည့်ရှုစဉ် ဦးဘရန်ရှောင်ကို တရားရုံးမှ စီရင်ချက်ချမှတ်အပြီး တစ်ပတ်အတွင်း လွှတ်ပေးမည်ဟု  ပြောဆိုခဲ့ခြင်းသည်။

ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ငြိမ်းချမ်းရေးဖော်ဆောင် ရေးနည်းပညာ အကြံပေးအဖွဲ့ Technical Advisory Team ရုံး ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီးနောက် တစ်ချိန်ထဲတွင် ဦးထထော်ဘရန်ရှောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးအောင်မင်း ကိုယ် တိုင် မြစ်ကြီး နားထောင်ကြီးမှ ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

Most read this week