ရှမ်းပြည်မြောက်ပိုင်း KIA တပ်များနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ

ရှမ်းပြည်မြောက်ပိုင်း KIA တပ်များနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ
by -
ကချင်သတင်းဌာန

ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနည်းပညာ အကြံပေးအဖွဲ့ Technical Advisory Team ရုံး ဖွင့်ပွဲအခမ်းအနားပြုလုပ်နေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄)နယ်မြေတွင်မူ အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ ယခုသတင်း ရေးသားချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၃၆ နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ အစိုးရစစ်သား နှစ်ဦး (စစ်ဝတ် နဲ့ အရပ်ဝတ်)။

KIA တပ်မဟာ (၄) မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူဂုတ်) မြို့ ဖိုင်းကောင်း (Hpai Kawng) တွင် အစိုးရတပ်ဖက်မှ ယနေ့နံနက်မှ စစ်ရေးလှုပ်ရှားလာခြင်းကြောင့် စောင့်ကြည့်နေချိန် မိုင်းဖောက်ပြီးနောက် ယခု နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေသည်ဟု KNG ကချင်သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ မအားမလပ် လုံခြုံရေးယူနေရာမှ KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) တပ်ရင်းမှူးဇော်ဆိုင်း ယခုလိုပြောသည်။

“ဒီမနက်ကနေ ကျွန်တော်တို့ နေရာမှာ အစိုးရတပ်တွေလှုပ်ရှားလာတာပါ။ အခုညနေဘက်မှာတော့ ကျွန်တော်တို့ဖက် မိုင်းနဲ့ တကြိမ်ပစ်လိုက်တယ်။ အစိုးရတပ်ကအဖွဲ့လိုက် မြင်းတွေနဲ့အင်အား ၃၀ လောက် လာတဲ့ချိန်မှာပစ်လိုက်တာပါ။ သူတို့ဖက်လည်း နေရာယူပြီးပြန်ပစ်လာတယ်။ အခုပစ်နေကြတယ်” ဟုဆိုသည်။

၎င်းအစိုးရတပ်သည် မုန်ဂိုးဘက်မှ မြင်း ၃ ကောင်အပါ အင်အား ၁၀၀ ကျော်ရှိသော ခြေလျင်တပ်ရင်း ခလရ (၁၂၃) မှဖြစ်ပြီး ယခုချိန် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) နှင့်ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုချိန် နှစ်ဖက်တပ်ကြား တိုက်ခိုက်နေချိန်ဖြစ်သောကြောင့် နှစ်ဖက်တပ်မှ သေဆုံးမှုရှိမရှိ မသိရသေးကြောင်း ပြောသည်။

ယနေ့ မြစ်ကြီးနားမြို့တွင် အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှု ရလဒ်တခုဖြစ်သည့် နှစ်ဖက် သဘောတူချက် အတိုင်း KIO ၏ အကြံပေးအဖွဲ့ Technical Advisory Team ရုံးကို အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းလာရောက်ကာ တရားဝင်ဖွင့်လှစ်နေချိန် ရှမ်းပြည်မြောက်ပိုင်းတွင် ယခုလို တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

Most read this week