ဒေါ်ဘောက်ဂျာကို ဖားကန့်ရဲစခန်းတွင် ဖမ်းဆီးထား အမှု ၃ မှုဖြင့် တရားစွဲ

ဒေါ်ဘောက်ဂျာကို ဖားကန့်ရဲစခန်းတွင် ဖမ်းဆီးထား အမှု ၃ မှုဖြင့် တရားစွဲ
by -
ကချင်သတင်းဌာန

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို သက်ဆိုင်ရာက ယခုချိန် ဖားကန့်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားကာ အမှုသုံးမှုဖြင့်စွပ်စွဲထားကြောင်း ကချင်ပြည်နယ် NDF ပါတီရုံးမှ သိရသည်။

ယခင်နေ့များတွင် ဒေါ်ဘောက်ဂျာ (Labyawng Bawk Ja) အား မြစ်ကြီးနားမြို့နေအိမ်မှဖမ်းဆီးခဲ့ချိန် မည်သည့်အမှုဖြင့်ဖမ်းဆီးသွားခြင်းကို မသိရပဲ သူမရွေးကောက်ပွဲဝင်ခဲ့သည့်  ဖားကန့်သို့ပြန်လည်ခေါ်ဆောင် သွားပြီး နောက်ပိုင်းမှ စွပ်စွဲထားသည့်အမှုကို သိရခြင်းဖြစ်သည်ဟု ပြည်နယ်စည်းကော်မတီ ရဲ့အတွင်းရေးမှူး ဦးမြတ်မိုးမြင့် ကပြောသည်။

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဌ ဒေါ်ဘေက်ဂျာ (ဘယ်)။

“သူ့ကိုဖမ်းထားတာတော့ ၂၀၀၉ ခုနှစ်တုံးက သူတို့ကျေးရွာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်တခုပေါ်မူတည်ပြီးမှ သူပါလို့ စွပ်စွဲပြီးမှ ဖမ်းထားတာဖြစ်တယ်။ သူ့ကိုအခုလောလောဆယ်ဖမ်းထားတာကတော့ လူသေမှု ပုဒ်မ ၃၀၄ (က) နဲ့စွဲထားပါတယ်။ နောက်တခါ ဆေးထိုးအပ်ကိုင်တဲ့အမှုဆိုပြီးမှ ပုဒ်မ ၃၃ နောက်တခါမြန်မာနိုင်ငံစီး ပွားအက်ဥပဒေ အထူး အားဖြင့် ပုဒ်မ ၄၁ အဲဒါ ၃ ခုပါ။ ကျွန်တော်တို့က သူကျူးလွန်တယ်မကျူးလွန်ဘူးဆို တာ ကျွန်တော်တို့က မသိဘူးလေ။ ကျွန်တော်တို့က ၂၀၀၉ မှာ ပါတီမထောင်သေးတော့ ပါတီမိတ်ဆွေ မဖြစ်သေးဘူးဆိုတော့ မသိဘူး။ ဒါပေမယ့် သူတို့က တရားဝင်အဖမ်းခံထားရတဲ့အတွက်တရားရုံးမှာပဲပြန် လည်ထုချေသွားဖို့ရှိတယ်လေ။ အခုတော့ သူ့ကိုဖားကန့်က အချုပ်ထဲမှာ ထားထားပေးပါတယ်။”

အဆိုပါ ဒေါ်ဘောက်ဂျာ စွပ်စွဲထားသည့်အမှုများနှင့်ပတ်သက်၍ NDF ပါတီက ကျူးလွန်ခြင်းရှိမရှိမသိရ သော်လည်း စွပ်စွဲထားသည့်အမှုများကို သက်သေထောက်ထားခိုင်လုံပါက နှစ်ရှည်ထောင်ဒဏ်ကျသွားနိုင် ကြောင်း ဦးမြတ်မိုးမြင့်ကဆက်ပြောသည်။

“သက်သေအထောက်ထားခိုင်လှုံရင်တော့ မပြောတတ်ဘူးပေါ့။ ကျွန်တော်တို့ ကတော့ရိုးရိုးပဲပြောမယ်ဆိုရင် တော့ သူရဲ့အဲဒီစွဲထားတဲ့ ပုဒ်မတွေကတော့ နှစ်ကြီးတွေပေါ့။ လူသေမှု ၃၀၄ (က) ကတော့ ရ နှစ်ဖြစ်ပြီးမှ ဆေးကောင်စီ အက်ဥပဒေ ၄၁ ကလည်း ရ နှစ်ဖြစ်တယ်။ ပုဒ်မ ၃၃ က တော့ ၆ လဖြစ်တယ်။ သူတို့က ၂ ခုပေါင်း တပေါင်းထဲမချပဲနဲ့ စုစုပေါင်းဆိုပြီးမှ သီးခြားစီချလေ့ရှိတဲ့အတွက်ကြောင့် နှစ်က ပိုရှည်သွားနိုင်တယ်။ ဒါကြောင့် အဲဒီလိုမျိုးမဖြစ်အောင် ဒီအမှုက မမှန်မကန်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ကထုချေဖို့ အတွက် ကံယကံရှင်ဒေါ်ဘောက်ဂျာအနေနဲ့ပဲ ပိုပြီးတော့ သက်ဆိုင်တာပေါ့လေ။”

ဒေါ်ဘောက်ဂျာသည် ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ဦးအုန်းမြင့်နှင့် ယှဉ်ပြိုင်ခဲ့ချိန် လူထုအားပေးမှုအပြည့်အဝရရှိခဲ့သောကြောင့် မဲနိုင်သည်ဟုယူဆထားသော်လည်း မဲရှုံးခဲ့သောကြောင့် ဦးအုန်းမြင့်အား ဆန္ဒမဲမသမာမှုဖြင့် တရားစွဲဆိုခဲ့သည်။

ယခုစွပ်စွဲထားသောအမှုများနှင့်ပတ်သက်၍လည်း ယင်းနိုင်ငံရေးနှင့်လည်း ဆက်နွယ်နိုင်သည်ဟု မြင်ကြောင်း ဦးမြတ်မိုးကျော်ကပြောသည်။

“အမြင်ကျတော့ ပြောရတာခက်ပါတယ်။ အများကြီးပေါ့ နိုင်ငံရေးလည်းဖြစ်ချင်ဖြစ်မယ်။ ဒီလိုပဲလုပ်ထုံးလုပ် နည်း အမျိုးမျိုးလည်းဖြစ်ချင်ဖြစ်မှာပေါ့လေ။ ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံရေးလည်းနည်းနည်း နွယ်တယ်လို့တော့ ထင်တာပေါ့။ ဖြစ်ပျက်ပုံကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့အခါမှာ ဒေါ်ဘောက်ဂျာ ကိုက တော်တော်လေးထောက်ခံကြတဲ့အနေအထားရှိတယ်။ အဲဒီတော့ဒေါ်ဘောက်ဂျာကို တော်တော်လေးထောက်ခံ ကြတဲ့ အနေအထားမှာ ဒေါ်ဘောက်ဂျာက မဲထည့်တဲ့အခါမှာလည်း ညဘက်ပိုင်းမှာ နိုင်တယ်လို့ကြေငြာတယ်။ ဒါပေမယ့် နောက်ပိုင်းမှာကျတော့ သူကရှုံးသွားတယ်။ အဲဒီခါမှာ သူ့ရဲ့ပြိုင်ဘက်နဲ့ သူနဲ့ကြားမှာပဋိပက္ခလေးရှိ တယ်။ ဒေါ်ဘောက်ဂျာလည်း သူ့ရဲ့ပြိုင်ဖက်ကို တရားစွဲခဲ့ဖူးတယ်။”

ထို့နောက် ဦးအုန်းမြင့်ကလည်း ဒေါ်ဘောက်ဂျာအား တန်ပြန်တရားစွဲဆိုကာ ၄င်းကိစ္စများကို ၂၀၁၂ ဇန်နဝါရီလတွင်း အချင်းချင်းကျေအေးလွှာများလုပ်ခဲ့ပြီးဖြစ်သော်လည်း မပြီးပြီးပြတ်သေးခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဖမ်းဝရမ်းထုတ်ထားသည့် သတင်းများထွက်ပေါ်ခဲ့ပြီး ယခုချိန်ထိသတိနှင့်ရှောင်လွှဲ သွားလာနေချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ပါတီဝင်များကပြောသည်။

ဒေါ်ဘောက်ဂျာအား နေအိမ်မှ ခေါ်ဆောင်သွားစဉ်တွင်လည်း ဖမ်းဆီးသည့်ပုံစံမျိုးမဟုတ်ပဲ ခေါ်ဆောင်သွား ခြင်းဖြစ်သည်ဟု ဖမ်းဆီးခဲ့ချိန် ဒေါ်ဘောက်ဂျာနှင့်အတူရှိနေသော NDF ပါတီ မိုးကောင်းမြို့နယ် စည်းရုံးရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံ ဦးမိုးကျော်ကပြောသည်။

“၁၈ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ မြစ်ကြီးနား ကျွန်းပင်သာရပ်ကွက်က အိမ်နံပါတ် - ၄၉၆ NDF ပါတီရဲ့ရုံး၊ ဒေါ်ဘောက်ဂျာရဲ့အိမ်၊ ဖမ်းတဲ့အချိန်တုံးကတော့ အမှုတွေဘာတွေဘာမှမပြောဘူး။သူတို့သက် ဆိုင်ရာအဖွဲ့အစည်း ရ ယောက်ကနေလာပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက တွေ့ချင်တယ်ဆိုပြီး တော့ လာခေါ်သွားတယ်လေ။ ခေါ်သွားလိုက်ပြီးတော့မှပဲ ရဲစခန်းရောက်မှ ဖမ်းမှန်းသိတယ်။”

အမျိုးသားဒီမိုကရေစီအင်အားစု ကချင်ပြည်နယ်၏ဥက္ကဌလည်းဖြစ် ဖားကန့်မြို့နယ်၏ လွှတ်တော်ကိုယ်စား လှယ်လောင်းလည်းဖြစ်၊ NDF ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဒေါ်ဘောက်ဂျာအားရွေးကောက်ပွဲနီး လာသောကြောင့် ပြင်ဆင်နေချိန် ယခုလို ဖမ်းဆီလိုက်သောကြောင့် ပါတီဝင်များအနေဖြင့်စိုးရိမ်မကင်းဖြစ် နေပြီး အဆိုပါစွပ်စွဲထားသောအမှုကိုလည်း မှန်မမှန်ကို ၀ုိင်း၍ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

“သူ့ရဲ့နိုင်ငံရေးလမ်းကြောင်းမှာ ဒီအမှုကိစ္စဘာမဟုတ်တာနဲ့ ကြန့်ကြာသွားမှာစိုးရိမ်တယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီအနေနဲ့ကတော့ တတ်နိုင်သလောက် ဗဟိုကော်မတီစည်းတွေသော်၄င်း မြို့နယ်စည်း တွေနဲ့သော်၄င်း ပြည်နယ်စည်းတွေနဲ့သော်၄င်း လက်တွဲပြီးမှ ငွေကြေးရှာဖွေတာတို့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းတာတို့ စသည်အားဖြင့် ပြင်ပကနေဝိုင်းဝန်းပြီးမှ လုပ်ဆောင်သွားမှာဖြစ်တယ်” ဟုပြည်နယ်စည်းကော် မတီရဲ့အတွင်းရေးမှူး ဦးမြတ်မိုးမြင့်က ကချင်သတင်းဌာနသို့ပြောသည်။

မနက်ဖြန် ရမာန်ရယူပြီးနောက် အာမခံလျှောက်နိုင်လျင်လျှောက်မည်ဖြစ်ပြီး တခြားလုပ်ထုံးလုပ်နည်းများနှင့် ဆိုင်သည့် ကိစ္စများကို ဆောင်ရွက်ကာ ဒေါ်ဘောက်ဂျာအား ရုံးထုတ်ရန်စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်အခြေစိုက် (National Endowment for Democracy, NED) အဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို့ ရောက်ခဲ့ချိန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင် တန်နှင့် ၀ါရှိန်တန်ဒီစီတွင်တွေ့ဆုံခဲ့ကာ လက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်နှင့်အခြား အခြေအနေအရပ်ရပ်ကို ရှင်းပြခဲ့့သည်။

Most read this week