KIA တပ်ရင်း (၈) နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

KIA တပ်ရင်း (၈) နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ နမ်ဖတ်ကာမြို့နယ် တပ်ရင်း ၈ ဒေသတွင် အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် ဇူလိုင်လ ၁၈ ရက် ကြာသပတေးနေ့ နံနက်တွင် နှစ်ဖက်တပ်မှ တွေ့ဆုံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

၎င်းအစိုးရတပ်များသည် နမ္မတူမြို့နယ် မုန်းမောဘက်မှလှုပ်ရှားလာသည့် အင်အား ရ၀ ခန့်ရှိသော အစိုးရတပ်များနှင့် KIA တပ်ရင်း (၈) အောက် ပြည်သူ့စစ် (MHH) တပ်ခွဲ(၂) တပ်ဖွဲ့မှ အောင်နန်ရွာ အောက်ရှိ နားရောင်းရွာဟောင်းတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ မှ အုပ်ချုပ်ရေးအရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

masat 4 dapba daju

“အစိုးရတပ်တွေ စစ်ကြောင်းထွက်လာတာနဲ့ ကျွန်တော်တို့နဲ့ တွေ့ပြီး ပစ်ကြတာ။ တွေ့ရင်တော့ နှစ်ဖက်တပ် ကနေ ပစ်တာ။ အစိုးရတပ်တွေ လှုပ်ရှားလာရင်တော့ သေနတ်သံကဆက်ပြီး အသံတွေကြားနေရမှာဘဲ” ဟု ဆိုသည်။

ထိုအစိုးရတပ်များသည် ရွှေရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် တပ်ဖွဲ့များဖြစ်ပြီး KIA တပ်ရင်း ၈ နယ်မြေများသို့ လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုချိန် မုန်းမော (Mung Maw) အစိုးရစခန်းတွင် ခြေလျင်တပ် ခလရ (၄၁) ရှိပြီး ယင်းနေ့ တိုက်ပွဲတွင် နှစ်ဖက်တပ်မှ ပစ်ခတ်ပြီးနောက် အစိုးရတပ်များ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်း KIA တပ်မဟာ (၄) မုန်းဂိုးဒေသ၊ တပ်ရင်း (၃၆) ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် နမ့်ခမ်းဘက်မှ စစ်ကား ၂ စင်း အင်အား ၅၀ ကျော်သည် ပန်ဆိုင်း (ကြူကုတ်) စခန်းတွင် စစ်အင်အား တိုးချဲ့ထားပြီး မုန်ဂိုးဘက်မှလည်း အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ ၁၂၃) စစ်အင်အား ၁၀၀ ကျော်တိုးချဲ့ထားကြောင်း KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

နှစ်ဖက်တပ်မှ စစ်ရေးလျှော့ရန် သဘောတူညီခဲ့သောကြောင့် ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်မှု မရှိသော်လည်း နှစ်ဖက်လှုပ်ရှားမှုများကြောင့် တင်းမာမှုအရှိန်လျှော့သွားခြင်း မရှိသေးကြောင်း သိရသည်။

Most read this week