ရှေ့နေဒေါ်ဘောက်ဂျာ မိုးညှင်းမြို့တွင် ဖမ်းဆီးခံရ

ရှေ့နေဒေါ်ဘောက်ဂျာ မိုးညှင်းမြို့တွင် ဖမ်းဆီးခံရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာ ကို ယမန်နေ့ ဇူလိုင် ၁၈ နေ့ညနေက မိုးညှင်းမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဒေါ်ဘောက်ဂျာအား မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုဖမ်းဆီးလိုက်ခြင်းမသိရသေးသော်လည်း ဖမ်းဆီးလိုက်မှာ မှန်ကန်ကြောင်းနှင့် ယနေ့မြစ်ကြီးနားသို့ပို့ဆောင်မည်ဖြစ်ကြောင်း ကချင်ဥပဒေအထောက်ကူပြုကွန်ယက် မှ အဖွဲ့ဝင်တဦးပြောသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ကြားတာကတော့ မိုးညှင်းမှာဖမ်းလိုက်တယ်လို့ပဲကြားရသေးတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေတုံးပါပဲဗျ။ တိတိကျကျမသိသေးဘူး။ လောလောဆယ်တော့ သူအရင်က ဗိုလ်ချုပ်အုန်းမြင့်နဲ့ သူတို့ကြား ကတိကဝတ်ပြုထားတဲ့ဟာကို ဗိုလ်ချုပ်အုန်းမြင့် ဖက်က ဖောက်ဖျက်လိုက် တယ်လို့ ကြားတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အုန်းမြင့်ဖက်က ဖမ်းဆီးလိုက်တယ်လို့ကြားတယ်။ ဒါပေမယ့် သေချာတော့မသိရသေးပါဘူး”

အဆိုပါ ဒေါ်ဘောက်ဂျာဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအရဆက်နွယ်မှုရှိနိုင်သည်ဟုလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက် (KPN)မှ ဒေါ်ခေါန်ဂျာ သုံးသပ်ပြောဆိုသည်။

“နိုင်ငံရေးအရဖြစ်မယ်ဆိုရင်တော့ ဘာပုဒ်မဆိုတပ်လို့ရတာပဲ။ အဲဒါကတော့ ကျမတို့ ကချင်ပြည်နယ်မှာ ထုံးစံပဲ ဖမ်းချင်တယ်ဆိုရင် ဘိန်းထုတ်ညှပ်ပေးလိုက်ရုံပဲ။ အဲဒါကြောင့် ဘာပုဒ်မပဲတပ်တပ် ဒါကနိုင်ငံရေးနဲ့ သက်ဆိုင်တယ်လို့ပဲ ယူဆတယ်။”

NDF ပါတီ ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှပြည့်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ဦးအုန်းမြင့်နှင့် ယှဉ်ပြိုင်ခဲ့ရာ ပြည်သူလူထုထောက်ခံသည့်ကြားမှ မဲရှုံးခဲ့ပြီး ဦးအုန်းမြင့်အား ဆန္ဒမဲမသမာမှုဖြင့်တရားစွဲဆိုခဲ့ သည်။

ထို့တူယုဇနကုမ္မဏီကိုလည်း ဟူးကောင်းဒေသတွင် ဒေသခံများ၏ လယ်ယာမြေသိမ်းမှုဖြင့်ပတ်သက်၍လည်း တောင်သူဖက်မှရပ်တည်က တရားစွဲဆိုထားခဲ့သည်။

ထို့နောက် ဦးအုန်းမြင့်ဖက်ကလည်း ဒေါ်ဘောက်ဂျာအား ပြန်လည်တရားစွဲဆိုမှုရှိခဲ့ရာ နှစ်ဦး အပြန်အလှန်တရားစွဲဆိုမှုကို နှစ်ဖက်ကျေအေး၍ အမှုရုပ်သိမ်းရန်သဘောတူညီခဲ့ပြီး ဒေါ်ဘောက်ဂျာဖက်မှ အမှုရုပ်သိမ်းလိုက်ခဲ့ပြီဖြစ်ကြောင်း သိရသော်လည်း ဦးအုန်းမြင့်ဖက်ကမှ ကျေအေးမှုမရှိသေးသောကြောင့် အဆိုပါဖမ်းဆီးမှုများလည်း ဖြစ်နိုင်သည်ဟု ခုချိန် သုံးသပ်ပြောဆိုနေကြသည်။

ဒေါ်ဘောက်ဂျာဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ KNG ကချင်သတင်းဌာနမှ ဆက်လက်စုံစမ်း၍ တင်ပြသွားမည်။

Most read this week