KIO နှင့် အစိုးရ အပစ်ခတ် ရပ်စဲရန် နိုင်ငံရေး ဆွေးနွေးမှုပေါ်သာ မူတည်

KIO နှင့် အစိုးရ အပစ်ခတ် ရပ်စဲရန် နိုင်ငံရေး ဆွေးနွေးမှုပေါ်သာ မူတည်
by -
ကချင်သတင်းဌာန

နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ဇူလိုင်လအတွင်း တပြည်လုံးအတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည် ဆိုသည့်အပေါ် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ဖက်မှ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်ယုံကြည်မှုပေါ်သာ မူတည်မည်ဖြစ်ကြောင်း ပြောသည်။

အပစ်ခတ်ရပ်စဲရေး ဖြစ်မြောက်ရန်အတွက် အကယ်၍ နိုင်ငံရေးတွေ့ဆွေးနွေးမှုတွင် KIO မှ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး ဆိုသည့်အချက်များတောင်းဆိုမှုကို အစိုးရဖက်မှ အမှန်တကယ် ပေးလာမည်ဆိုပါကလည်း အခိုင်အမာယုံကြည်ရသည့် အခြေအနေဖြစ်မဖြစ် သုံးသပ်ရန်လိုသေးကြောင်း KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ကပြောသည်။

kio-sumlut-gam-and-aung-min

“ဇူလိုင်မှာ တပြည်လုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ လုပ်မယ်လို့ပြောတယ်။ အဲဒါက ဘယ်လိုုဟာမျိုးအဓိပ္ပါယ်လဲ ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော်တို့ မေးထားတာရှိပါတယ်။ အဲဒါသူတို့က ဘာမှ မပြောသေးဘူး။ ဘာမှမပြောသေးဘူးဆိုတော့ ဘာမှန်းလည်းမသိသေးဘူးပေါ့။ ကျနော်တို့က လက်မှတ်ထိုးဖို့ မထိုးဖို့ဆိုတာက ကျနော်တို့ နိုင်ငံရေးဆွေးနွေးဖို့ ဘယ်လောက်ထိ အယုံအကြည်ရှိနိုင်မလဲဆိုတဲ့အပေါ်မှာပဲ အဓိကမူတည်တယ်။”

အစိုးရနှင့် KIO မေလအတွင်း မြစ်ကြီးနားမြို့တွေ့ဆုံဆွေးနွေးချိန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းမှလည်း ဇူလိုင်လအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါပြောဆိုမှုများရှိနေသော်လည်း လက်ရှိအခြေအနေအရ အပစ်ခတ်ရပ်စဲရေးအလားအလာ မရှိသေး ကြောင်း ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ကပြောသည်။

“ကျနော်တို့ ဆွေးနွေးပွဲတိုင်း သူတို့ကို တင်ပြထားတာရှိပါတယ်။ ဒါကိုသူတို့က အတိအကျ ဘာမှမပြောသေး ဘူး။ နိုင်ငံရေးဆွေးနွေးမယ်လို့ပဲ ပြောတယ်။ ကျနော်တို့ တောင်းဆိုထားတာ တကယ်ပေးမလား မပေးဘူးလား၊  အကြောင်းတော့ အမျိုးမျိုးရှိမှာပေါ့။ ဒါသူတို့က မပေးချင်လို့ ဒီလိုအချိန်ဆွဲနေတာဖြစ်မှာပေါ့။ မြန်မြန်ပေးလိုက် ရင်တော့ မြန်မြန်ပြီးသွားမဲ့ဟာပေါ့။ တကယ်ပေးမယ်ဆိုရင်တောင် ဒါသူတို့ အခိုင်အမာယုံကြည်ရလောက်တဲ့ အဆင့်ရောက်ပြီလား မရောက်ဘူးလားဆိုတဲ့ နေရာမှာ ကျနော်တို့က အဓိကဆုံးဖြတ်ဖို့ရှိပါတယ်။  အများကြီးသုံးသပ်ရအုံးမယ်။ ရမ်းထိုးလို့ မရသေးဘူး” ဟု ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က KNG ကချင်သတင်းဌာန သို့ပြောသည်။

ဆက်လက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ကြား ပြန်လည်တွေ့ဆုံ ဆွေးနွေးရေးကိုလည်း KIO ၏ နည်းပညာအကြံပေးအဖွဲ့ Technical Team ရုံး တရားဝင်ဖွင့်ပြီး နောက်ပိုင်းမှ နှစ်ဖက်တွေ့ဆုံမည့်ရက်များ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည့်အချိန်တွင် အစိုးရမှ တပြည်လုံးအပစ်ခတ်ရပ်စဲရေးလုပ်မည်ဆိုပါက လူသိရှင်ကြား ထုတ်ပြန်ကြေညာပေးရန်လိုကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ပြောသည်။

“UNFC အနေနဲ့က ဖြစ်ဖို့မလွယ်ဘူး။ ဘာကြောင့်ဆိုတော့ အစိုးရဘက်ကလုပ်မယ်ဆိုရင် တပြည်လုံးအပစ်ခတ် ရပ်ဆဲကြောင်း ကြေညာဖို့လိုတယ်။ အခု UNFC မှာ တချို့အဖွဲ့က အခုထိတိုက်နေကြတုန်းပဲ အပစ်မရပ် သေးဘူး။ ဥပမာ ကချင်တို့ ပလောင်တို့ပေါ့နော်။ အဲဒါတွေ ရပ်နိုင်အောင်မလုပ်နိုင်သေးပဲနဲ့ အားလုံးကို အပစ်ရပ်မယ်ဆိုတဲ့ဟာက ဖြစ်နိုင်ဖို့ အလားအလာမရှိသေးဘူး။ ကျနော်တို့လည်း အဲဒီလိုလုပ်လို့မရသေးဘူး၊ အခုက သူတို့မှာ တပြည်လုံး အပစ်ခတ်ရပ်ဆဲရေး အပြောင်းအလဲတွေ ငြိမ်းချမ်းရေးတွေ သိပ်လိုချင်တယ် ဆိုတဲ့ဟာကို ပြချင်လို့ပေ့ါလေ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ထို့ပြင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီဖြစ်သော လက်နက်ကိုင်အဖွဲ့များလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသောကြောင့် အလေးထားဆွေးနွေးရန်လိုအပ်သည်ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“အဓိကရှမ်းနဲ့ ပေါ့ SSPP ရော RCSS ရော တောင်ပိုင်းမြောက်ပိုင်း နှစ်ဖွဲ့စလုံးနဲ့ ဖြစ်နေတယ်။ နောက်ပြီး အပစ်ရပ်နိုင်ဖို့ ဆိုတဲ့နေရာမှာ အစိုးရတပ်ဖက်က တချို့သူများဌာနချုပ်နားမှာ သွားကပ်နေတဲ့ဟာမျိုးကိုလည်း ကွာပေးဖို့လိုမယ်။ ယုံကြည်မှုရှိဖို့ပေါ့။ နောက် နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ဟာကိုလည်း အသေအချာညှိနှိုင်းချမှတ်ဖို့လိုမယ်။ ဘယ်တော့ဆွေးနွေးမလဲ၊ ဘယ်လိုပုံုစံနဲ့ဆွေးနွေးမလဲ၊ ဘယ်လိုအချက် တွေကိုဆွေးနွေးမလဲ၊ ဘယ်မှာဆွေးနွေးမလဲ စသဖြင့်ပေါ့။ ဒါတွေက အသေအချာ ချဖို့လိုအပ်တဲ့ဟာ တွေလေ။”

မြန်မာနိုင်ငံတွင်လာမည့် ရက်အနည်းငယ်အတွင်း သေနတ်သံများ ချုပ်ငြိမ်းတော့မည်ဟု သမ္မတ ပြောဆိုသည့်ရက်ပိုင်းအတွင်းမှာပြင် အပစ်ရပ်ထားသော မွန်ပြည်သစ်ပါတီ (NMSP)နှင့် ဇူလိုင်လ ၁၇ ရက်တွင် အစိုးရတပ်နှင့် တိုက်ပွဲများဖြစ်ပွားပြီး နှစ်ဖက်ကျဆုံးမှုများ ရှိခဲ့သည်။

ထို့ကြောင့် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုမည့် ကိစ္စရပ်သည် နိုင်ငံရေးဆွေးနွေးမှုတွင် နှစ်ဖက် ယုံကြည်မှုသည်သာ အဓိကဖြစ်ကြောင်း KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က ပြောဆိုခဲ့ခြင်းဖြစ်သည်။

Most read this week