KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကြံပေးအဖွဲ့ကို ဒေါက်တာတူးဂျာ ထောက်ခံ

KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကြံပေးအဖွဲ့ကို ဒေါက်တာတူးဂျာ ထောက်ခံ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ ဦးဆောင်ဖွင့်လှစ်သွားမည့် Technical Team အပေါ် KIO ဒုဥက္ကဌ-၂ ဟောင်း ဒေါက်တာ တူးဂျာ အနေဖြင့် ၀မ်းသာထောက်ခံကြောင်း ပြောသည်။

ဒေါက်တာ တူးဂျာ။

Technical Team ဖွဲ့စည်းလာသည့်အထဲတွင် KIO က ပြည်သူလူထုဖက်မှ ပါ၀င်ရန်လက်ကမ်းဖိတ်ခေါ်မှုသည် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်လာသည့်လုပ်ငန်းစဉ်များတွင် အထောက်အကူများစွာပြုနိုင်သည်ဟု ဒေါက်တာတူးဂျာကပြောသည်။

“Technical Team ဖွင့်လိုက်ခြင်းဟာ KIO ဗဟိုဌာနချုပ်ကနေပြီး မြို့နေ ပြည်သူများထဲသို့ လက်တစ်ဖက် မြှောက် ကမ်းလှမ်းလိုက်ခြင်း ဖြစ်တယ်။ ဒီအခွင့်ရေးကို လူထုက လက်ခံဖမ်းဆုပ်ရမယ်၊ ဖမ်းဆုပ်ပြီးတော့ အဲဒီမှာ အကြံအဉာဏ်ပေး အကြံအဉာဏ်ရယူပြီး စုစုစည်းစည်းနဲ့ ပူးပေါင်းလုပ်ဆောင်လာရမဲ့ အချိန်ဖြစ်တယ်။ ပြည်သူလူထု အားလုံးနိုးကြားပြီးတော့ ဒီနေ့ဖြစ်ပေါ်လာမဲ့ နိုင်ငံရေးပြောင်းလဲလာမှု အပေါ်လိုက်ပြီး တတ် နိုင်သလောက် ပါ၀င်အကြံပေးသွားဖို့က အရေးကြီးတယ်လို့မြင်တယ်”

ပြီးခဲ့သည့်ပတ် ဇူလိုင်လ ၉-၁၀ ရက်နေ့ ကချင်ပြည်သူလူထုများတွေ့ဆုံဆွေးနွေးပွဲကျင်းပစဉ်လည်း ဒေါက်တာတူးဂျာမှပါ၀င်ခဲ့ရာ ၎င်းတို့ဆွေးနွေးမှုကိုလည်း အားရကျေနပ်ခဲ့ကြောင်း ပြောသည်။

“အဲဒီမှာ Technical Team နဲ့ပတ်သက်ပြီး ဆွေးနွေးသွားတာတွေပညာပေးတာတွေအရမ်းကောင်းတယ်၊ အဲဒီမှာABCD ဆိုပြီးခွဲထားတယ်၊ A ကလက်တွေ့လုပ်ဖို့၊ B က လက်တွေ့လုပ်မဲ့သူတွေကို အကြံပေးဖို့၊ C က ပြည်ပရောက်နေတဲ့ ကချင်လူမျိုးတွေလည်း A ကိုအကြံပေးလို့ရတယ်၊  D က ပြည်သူလူထု၊ အဲဒီလိုတွဲထာ တာဟုတ်တယ်။ KIO က ပြည်သူလူထုနဲ့ လက်တွဲလုပ်ဆောင်သွားတဲ့ ဒီလမ်းကြောင်း အစီအစဉ်က အရမ်းကောင်းတယ်။”

ထိုသို့သဘောတူညီစွာ လုပ်ဆောင်သွားမည်ဆိုပါက နိုင်ငံရေးဆွေးနွေးသွားသည့်အထိ အောင်မြင်လာမည်ဟု ယုံကြည်ကြောင်း ဆက်ဆိုသည်။

“ခြံုပြီးပြောမယ်ဆိုရင် အခုကျနော်တို့ရဲ့ပြဿနာက နိုင်ငံရေးစားပွဲပေါ်မှာ ဖြေရှင်းယူရမဲ့ကိစ္စဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံရေးစားပွဲပေါ်ပြောလာတဲ့အခါမှာလည်း အခု Technical Team ပေါ်လာပြီဆိုတော့    ပြည်သူလူထုရဲ့အမြင်ကိုနားထောင်ပြီး လုပ်ဆောင်တင်ပြသွားတဲ့အခါမှာ ပိုပြီးအဆင်ပြေလာမယ်လို့ယုံတယ်။”

ဒေါက်တာတူးဂျာသည် ကချင်ပြည်နယ်တိုးတက်ရေးပါတီ(KSPP) ထူထောင်ရန် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တွင် ပါ၀င်ယှဉ်ပြိုင်ရန်ကြိုးစားခဲ့သော်လည်း ၎င်း၏ပါတီကို တရားဝင်သတ်မှတ်ပေးခြင်းမရှိ ပယ်ချခံလိုက် ရခြင်းဖြစ် သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပါ၀င်ယှဉ်ပြိုင်ရန် အတွက် နိုင်ငံရေးပါတီအသစ်ပြန်လည်ထူ ထောင်ရန် စီစဉ်နေကြောင်း သိရသည်။

Most read this week