လန်ဒန် ရောက် သမ္မတဦးသိန်းစိန်အား ကချင်အမျိုးသားများ ဆန္ဒပြ

လန်ဒန် ရောက် သမ္မတဦးသိန်းစိန်အား ကချင်အမျိုးသားများ ဆန္ဒပြ
by -
ကချင်သတင်းဌာန

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်သို့ ရောက်ရှိနေသော မြန်မာအအစိုးရ သမ္မတ ဦးသိန်းစိန်အဖွဲ့များအား ဗြိတိန်နိုင်ငံ အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO-UK) မှ ဦးဆောင်ပြီး လန်ဒန်မြို့ ၂ နေရာတွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

လန်ဒန်မြို့တော် အမှတ် ၁၀ Downing Street တွင် နေ့လည် ၁၂ နာရီချိန်မှ ၁ နာရီထိ ဆန္ဒပြခဲ့ပြီး Chatham House တွင် ညနေ ၅ နာရီမှ ရ နာရီထိ ကချင်အမျိုးသားများ၊ အခြားမြန်မာတိုင်းရင်းသားများ၊ နိုင်ငံတကာ အဖွဲ့အစည်းများပါဝင်ကာ အယောက် ၄၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း KNO အထွေထွေအတွင်း ရေးမှူး ဒူဝါ မခေါ်ခွန်ဆာပြောသည်။

kachin-protest-president-thein-sein-visit

မြန်မာသမ္မတ သိန်းစိန်တက်လာသည့်နောက် ကချင်ပြည်နယ်ဒေသတွင်း စစ်ပွဲများဖြစ်ပွားလာပြီး စစ်ပြေးဒုက္ခသည်များလာခြင်း၊ လူ့အခွင့်ရေးလှုပ်ရှားမှုများလာခြင်း၊ ပြဿနာများ ပိုမိုများပြားလာခြင်းကြောင့် အမေရိကန်ရောက် ကချင်အမျိုးသားများ ဆန္ဒပြခြင်းဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး KNO (UK) ဒု-ဥက္ကဌ လကြံုရိန်းဒူ KNG ကချင်သတင်းဌာန သို့ပြောသည်။

“သမ္မတသိန်းစိန်အဖွဲ့ ၂၀ ယောက်ဟုတ်တယ်။ ဗမာလုံချည်နဲ့ ကျွန်တော်တို့ကို ဗွီဒီယိုတွေရိုက်သွားတယ်။ သတင်းမီဒီယာများလည်းပါတယ်။ သိန်းစိန်ထွက်လာတာနဲ့ ကွက်တိ ကျွန်တော်တို့ အင်္ဂလိပ်လို ကချင်လို အော်တယ် ‘ကချင်တွေလွတ်လပ်ခွင့်အခုပေး အခုပေး ကချင်ကိုယ်ပိုင်ပြဌာန်းခွင့် အခုပေး အခုပေး’ ဆိုပြီး ကချင်လိုအော်တယ်။ ‘ကချင်ပြည်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်ကျူးလွန်သူ မြန်မာသမ္မတဦးသိန်းစိန်အား ဖမ်းဆီးကြ ဖမ်းဆီးကြ’ ဆိုပြီး အင်္ဂလိပ်လိုအော်တယ်။ သမ္မတသိန်းစိန်တောင် ကျွန်တော်တို့ဘက် လှည့်ကြည့်လိုက်သေးတယ်’ ဟု ပြောသည်။

ဆန္ဒပြရာတွင် ‘မြန်မာသမ္မတသိန်းစိန်သည် သမ္မတဖြစ်ကတည်းက စစ်ရာဇဝတ်မှုနှင့် လူသားခြင်းဆိုင်ရာ ကျူးလွန်မှု ဒုစရိုက််များကို ကျူးလွန်နေပါတယ်။ သူ့ကို ဖမ်းဆီးကြ ဖမ်းဆီးကြ’ ‘နိုင်ငံရပ်ခြားကို လိမ်ညာသူ သိန်းစိန်’ ဟူသော ပိုစတာများနှင့် သမ္မတသိန်းစိန်ပုံ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အလံနှင့် ကချင်အမျိုးသားအဖွဲ့အစည်း (KNO) အလံများ ကိုင်ဆောင်ကာ လှုပ်ရှားပြခဲ့ကြောင်း သိရသည်။

“ကချင်ပြည်နယ်မှာ သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးက ၂ နှစ်ရှိပြီ အခုထိမဖြစ်သေးဘူး ဆိုတော့ ကျွန်တော်တို့ လိုချင်တာက ကချင်အမျိုးသားများ ရသင့်ရထိုက်တဲ့အခွင့်အရေး Self-determination အကုန်ရရမယ်။ အလကားလက်မှတ်ထိုးတာ မဟုတ်ဘဲနဲ့  ကချင်အမျိုးသားလွတ်မြောက်ရေး Freedom ကို အဓိက လုပ်နေတဲ့အတွက် အထဲမှာလုပ်နေတာတွေကို ကျွန်တော်တို့ လက်မခံဘူးဆိုတာ ကမ္ဘာမှာပြနိုင်တယ်။ British government ကိုလည်း တချို့က လက်မှတ်ထိုး ပြီးပြီဆိုပြီး နားလည်နေကြတယ်။ 7-step Agreement  ကအခုထိ အကောင်အထည်ဖော်တာ မရှိသေးဘူး။ အစိုးရမှလည်း ကျွန်တော်တို့ ကချင်အမျိုးသားရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာဆက်ပြီး လုပ်သွားနိုင်ရန် သိန်းစိန်ကို Pressure ပေးတာတွေပေါ်လာမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်” KNO (UK) ဒု-ဥက္ကဌ လကြံုရိန်းဒူ KNG ကချင်သတင်းဌာနသို့ ဆက်ဆိုသည်။

သမ္မတဦးသိန်းစိန်နှင့် ဦးရဲထွဋ္ဋ်တို့သည် ကား ၄ စင်းနှင့် ထွက်ပြီး ကျန် ၁၅ ယောက်သည်  အမှတ် ၁၀ Downing Street ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ရုံးရှေ့မှ ကားဖြင့်ထွက်ခွါသွားခဲ့သည်။

ဗြိတိန်နိုင်ငံရှိ ကချင်အမျိုးသားအစည်းအရုံး (KNO-UK) အနေဖြင့် ကချင်ဒေသ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိန်တိန်နိုင်ငံသို့ ဇူလိုင် ၁၄ ရက်နေ့က နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ္ဋ်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားခြင်းဖြစ် သည်။

Most read this week