၀ိုင်းမော် - လိုင်ဇာလမ်း ကျေးရွာများတွင် အစိုးရတပ် အခွန်ကောက် ရွှေတူးခွင့်ပေး

၀ိုင်းမော် - လိုင်ဇာလမ်း ကျေးရွာများတွင် အစိုးရတပ် အခွန်ကောက် ရွှေတူးခွင့်ပေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် လိုင်ဇာ သွားလမ်းတစ်လျှောက် ဒုက္ခသည်အဖြစ် တိမ်းရှောင် ထားသော ကျေးရွာခြံမြေများတွင် မြန်မာအစိုးရစစ်တပ်မှ အခွန်များကောက်ခံကာ ရွှေတူးဖော်ခွင့်ပြုထား ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်ဖွဲ့ကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွား ခဲ့သော KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများဖြစ်သည့် ဂါးရာယန် (Gara Yang)၊ မလန်းယန်(Malang Yang)၊ မလီးယန်(Mali Yang) ကျေးရွာများတွင် အခွန်ဆောင်၍ ရွှေကျင်းပေါင်း ၂၀ ခန့် တူးဖော်ခွင့်ပေးထား ခြင်းဖြစ်ကြောင်း မျက်မြင် ဒေသခံတစ်ဦး ပြောသည်။

burma-army-mali-yang-gold-mine

“အိမ်တွေက အားလုံးမီးရှို့လိုက်ပြီလေ။ ရွာတွေကလည်း ခြံုတွေဖြစ်ကုန်ပြီ။ အဲဒီက ရွာသားတွေက မပြန်ရဲလို့ ဘယ်သူမှမပြန်သေးဘူး။ အဲဒါကို အခွင့်ကောင်းယူပြီး လုပ်စားနေတဲ့သဘောပေါ့။ အခုသူတို့တူးစားနေတာ တွေက ရွာသားတွေရဲ့ မုန်ညှင်းခြံတွေမှာ တူးစားနေတာဟုတ်တယ်။ သူတို့ကို မေးကြည့်တော့ အစိုးရစခန်းက နေပြီး တူးစားခိုင်းတာတဲ့။ ကြာလာတော့ မြေတွေအကုန်လုံးပျက်စီးတော့မယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

အဓိကရွှေတူးဖော်နေသူများသည် အောက်မြန်မာပြည်မှ လာသောသူများသာဖြစ်ပြီး ၎င်းတို့သည် မလီးယန် အခြေစိုက် အစိုးရစစ်တပ်စခန်းများနှင့် တိုင်ပင်ညှိနှိုင်းကာ တူးဖော်နေခြင်းဖြစ်ကြောင်း အောက်မြန်မာပြည်မှ ရွှေတူးဖော်နေသူ တစ်ဦးက ပြောသည်။

“ကျနော်တို့ မလီးယန်စခန်းနဲ့ ပြောပြီးလုပ်နေတာပါ။ အစက ဗန်းမော်ဘက်ကိုသွားမလို့လုပ်နေတာကို ဒီဘက် လာတူးစားပါဆိုပြီး လာခဲ့တာ။ အလုပ်စစချင်း တစ်ကျင်းကို ကျပ်သုံးသိန်းပေးရတယ်။ ပြီးရင်လစဉ်ကြေးပေး ရတယ်၊ ၃-၄ သောင်းပေါ့။ ကျနော်တို့က မလာရဲပါဘူး။ ဒါပေမဲ့စစ်တပ်က လာပါ၊ ရတယ်လို့ ခေါ်တာနဲ့ လာဖြစ်သွားတာ။”

ထိုသို့ တူးဖော်နေသည်မှာ ၂ လခန့်ရှိနေပြီး တစ်ကျင်းတွင် တစ်နေ့လျင် ရွှေ ရွေး ၅၀-၆၀ ထွက်ရှိပြီး အနည်းဆုံး ရွေး ၂၀ တူးဖော်ရရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသည် အစိုးရတပ်ဖက်မှ လှုပ်ရှားနေသော နေရာများသာဖြစ်သောကြောင့် ၎င်းတို့၏ ခွင့်ပြုချက်အရ ပြည်သူလူထုနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင် နေခြင်းဖြစ်နိုင်သည်ဟု KIO ဒုက္ခသည်ကူညီရေးကော်မတီ ဥက္ကဌ ဦးဒွဲပီဆာက ပြောသည်။

“အဲဒါက ဒေသခံတွေမရှိတော့ဘူးဆိုတော့ ရွှေရှိတယ်ဆိုပြီးသူတို့သိရင်တော့ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ရွှေကျင်စားချင်တဲ့လူတွေ လုပ်ချင်တယ်ဆိုရင်တော့ အစိုးရတပ်အနေနဲ့လည်း ငွေရရင်တော့ လုပ်ခိုင်းမှာပဲလေ။ အဲလိုဆိုတော့ ကျနော်တို့အတွက်တော့ ထိခိုက်လာတယ်။ သူတို့ပိုင်ထားတဲ့နေရာမှာတော့ သူတို့ရတဲ့အခွင့် အရေးနဲ့ ဘာမဆို လုပ်ယူသွားလို့ရတဲ့အတွက်ကြောင့် သူတို့က နောက်ပြည်သူတွေအတွက်တော့ စဉ်းစား နေမှာမဟုတ်ဘူးလို့ ထင်တယ်။”

ယခုချိန် မလီးယန်တွင် တပ်စခန်းချနေထိုင်သော အစိုးရတပ်များသည် စစ်ကိုင်းတိုင်း ၀န်းသို အခြေစိုက် တပ်မ (၃၃) လက်အောက်ခံ ခမရ တပ်ရင်း (၁၂၀) တပ်ဖွဲ့များ ဖြစ်သည်။

ထိုကျေးရွာများမှ ဒေသခံ ရွာသားများသည် ၂၀၁၁ ခုနှစ်ဇွန်လမှ အစိုးရတပ်များ KIO အား စတင်ထိုး စစ်ဆင်လာချိန်ကတည်းက လုံခြုံရာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်နယ်မြေများနှင့်အစိုးရထိန်းချုပ်နယ် မြေ ၀ိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့များသို့ အသီးသီးထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

အစိုးရစစ်တပ်များသည် ပြီးခဲ့သည့်နှစ်တွင်လည်း လိုင်ဇာသွားလမ်းရှိ ဂါးရာယန် (Ga Ra Yang)၊ ကစူးယန် (Katsu Yang)၊ ဒဘတ်ယန် (Dabak Yang)၊ ဂျာပူ (Ja Pu)၊ ဆမ်ပိုင် (Sambai)၊ အောင်ဂျာယန် (Awng Ja Yang) စသည့် ကျေးရွာ ဒေသခံများ စိုက်ပျိုးထားသော ခြံများမှ ဒညင်းသီးများကို ခုတ်ဖြတ်ခူးရောင်းခဲ့ ကြောင်း သိရသည်။

Most read this week