မလေးရှား လဝက ထိန်းသိမ်းရေး စခန်းမှ မြန်မာများ ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားခံရ

မလေးရှား လဝက ထိန်းသိမ်းရေး စခန်းမှ မြန်မာများ ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားခံရ
by -
ဇော်ကြီး
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ထိန်းသိမ်းရေး စခန်းများမှ နယ်စပ်သို့ပြန်ပို့ရာတွင် ထိုင်းနိုင်ငံဖက်မှ ၀င်ခွင့်မပြုသည့်အတွက် အခက်အခဲ ဖြစ်နေ ...

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ထိန်းသိမ်းရေး စခန်းများမှ နယ်စပ်သို့ပြန်ပို့ရာတွင် ထိုင်းနိုင်ငံဖက်မှ ၀င်ခွင့်မပြုသည့်အတွက် အခက်အခဲ ဖြစ်နေသည်။

လွန်ခဲ့သည့်လပိုင်းက ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမားများကို ထိန်းသိမ်းရေးစခန်း များမှတဆင့် နယ်စပ် ဒေသများသို့ မလေးရှားလဝကမှ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအလုပ်သမားများကို ထိုင်းနယ်စပ်သို့ ပြန်လည်ပို့ ဆောင်ရာ၌ ထိုင်းနိုင်ငံဖက်က အဝင်မခံဘဲ ပိတ်ပင်ထား သည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု မလေးရှားရှိ မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ (BWRPC)အဖွဲ့က ကိုကျော်ထူးအောင် ကပြောသည်။

“အဲဒီတလကျော်ကျော်လောက်ကစပြီး ထိုင်းနိုင်ငံဖက်ကနေ သူတို့နယ်စပ်မှာမလေးရှား ဖက်က ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေ ဗွမ်း တဲ့ကိစ္စကိုပိတ်ပစ်တယ်။ ဗွမ်း တယ်ဆို တာက ဖမ်းမိတဲ့သူတွေ ကို ပြစ်တာပေ့ါနော်။ အဲလိုပြစ်လိုက်တော့ အခုမလေးရှားမှာရှိတဲ့ လဝက ထိန်းသိမ်းရေးစခန်းတွေမှာ ဗမာတွေနဲ့ တအားများနေတယ်။ တော်တော်လေးကို မဆန့်မပြဲအောင်ဖြစ်နေတယ်။”

မလေးရှား လဝက ထိန်းသိမ်းရေးစခန်း ရ ခု ခန့်ဖွင့်ထားပြီး စခန်းတခုလျှင်မြန်မာအလုပ် သမား ၅၀၀ နှင့် ရ၀၀ ကြားတွင်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ရုုိဟင်ဂျာပြဿနာကို စိုးရိမ်မကင်းဖြစ်ပြီး၊ လူကုန်ကူးမှုပြဿနာ မပေါ်ပေါက်စေရန် ထိုင်းအစိုးရက ပိတ်ပင်ခြင်း ဖြစ်နိုင်သည်ဟု ကိုကျော်ထူးအောင်က ခန့်မှန်းပြောဆိုသည်။

“ကျနော်တို့ ခန့်မှန်းထားတာက အခု ဗမာပြည်မှာ ရိုဟင်ဂျာ ပြဿနာတွေဖြစ်နေတယ်၊ ဒီကနေ ရိုဟင်ဂျာတွေကိုဖမ်းပြီးတော့ သူတို့ထိုင်းဖက်မှာ ပြန်ပြီးတော့ကျန်နေမှာကို ထိုင်းနိုင်ငံက စိုးရိမ်တယ်လို့ ကျနော်ထင်တယ်။ နောက်တခုအနေနဲ့ ကောင်းတဲ့ဖက်ကနေ ပြန်တွေးကြည့်မယ်ဆိုရင် human trafficking  (လူကုန်ကူးမှု)ကို ထိုင်းဖက်ကနေချပြီး တော့ပိတ်လိုက်တဲ့ ပုံစံမျိုးလို့ ကျနော်တို့က ထင်တယ်။”

ယခင်လများက  နယ်စပ်သို့ပြန်လည်ပို့ဆောင်ခံရသည့် တရားမဝင်အလုပ်သမားများကို လူပွဲစားများထံ ရောင်းချ မှုများရှိနေကြောင်း  မလေးရှား နိုင်ငံရေးအတိုက်အခံများက ဝေဖန် မှုများရှိခဲ့သည်။

ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ဂယက်ရိုက်ခတ်မှုကြောင့် မလေးရှားနိုင်ငံတွင်စက်ရုံ အလုပ်ရုံများ ပိတ်ခဲ့ရပြီးနောက် တရားမဝင်အလုပ်သမားများကို ယခင်နှစ်ကုန်ပိုင်းမှ စတင် ဖမ်းဆီးအရေးယူမှု ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
 

Most read this week