ဂျေယန့်ဒုက္ခသည်စခန်းမှ မူကြိုကျောင်းသူတစ်ဦး ရေနစ်သေဆုံး

ဂျေယန့်ဒုက္ခသည်စခန်းမှ မူကြိုကျောင်းသူတစ်ဦး ရေနစ်သေဆုံး
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ မူကြိုကလေးငယ်တစ်ဦး ဂျေယန့်ချောင်းရေထဲ မျောပါ သေဆုံုးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ၄ နှစ်ခွဲအရွယ် မ ကြယ်စင်ထွေး သည် ဇူလိုင်လ ၈ ရက်နေ့ မူကြိုကျောင်းတက်နေရာမှ ချောင်းရေသို့ ဆော့ကစားကာ မျောပါပျောက်ဆုံးသွားခြင်းဖြစ်ရာ တာဝန်ရှိသူများက အလောင်းကိုရှာဖွေ နေဆဲဖြစ်ကြောင်း  ဂျေယန့်ဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး ဆလန်ကဘား ဦးဘရန်ရှောင်ကပြောသည်။

je-yang-refugee-camp-jul-12

“ဆရာမတွေကို အရေးယူရင်လည်း လူက ပြန်ရမှာလည်း မဟုတ်ဘူးဆိုတော့ တခြားအရေးယူတာတွေ တော့မလုပ်ဘူး။ နောက်ကို ဒီလိုမဖြစ်ဖို့ သတိပေးပြောဆိုတာတွေတော့ရှိတယ်။ ကလေးရဲ့အလောင်းကိုလည်း ကျနော်တို့လူလွှတ်ပြီး ရှာခိုင်းထားတယ်။ မိုးရာသီဆိုတော့ ရေလည်းအရမ်းကြီးတော့ ဘယ်ရောက်သွားပြီလဲ မသိဘူး။ ရှာနေဆဲတော့ဟုတ်တယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ကလေးငယ်၏ အလောင်းကို မတွေ့ရှိသေးသော်လည်း မိသားစုဝင်များနှင့် ဂျေယန့်ဒုက္ခသည်စခန်းမှ ကော်မတီများ၊ KIO ဌာနချုပ်ကူညီရေးကော်မတီများ၊ မူကြိုဆရာမများမှ စုပေါင်းကာ အသုဘဆုတောင်းပွဲ အခမ်းအနားကို ယမန်နေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူကြိုကျောင်းသူ သမီးလေးသေဆုံးမှုကြောင့် ၀မ်းနည်းပူဆွေးနေသည့် မိခင်ဖြစ်သူ ဒေါ်လထော်ခေါန်ဆန့်က   သမီးလေး အလောင်းရှာဖွေရန်  စခန်းတာဝန်ရှိသူများအား လွှဲ အပ်ထားကြောင်း   ပြောသည်။

“အဲဒီနေ့က နည်းနည်းစောပြီး ကျောင်းကိုသွားပို့ထားတာ။ ပြန်တော့ ကျမလည်း အရမ်းအိပ်ချင်လို့ တနေကုန်အိပ်နေတာ။ ညနေရောက်တော့ ဆရာမတွေ အိမ်ကိုလာပြီး ကြယ်စင်ထွေးပြန်မလာဘူးလား မေးတယ်။ ကျမလည်း မလာဘူးလို့၊ နောက်တော့ ကျမလည်း ကျောင်းကိုပြန်လိုက်သွားပြီး ကျောင်းရောက် တော့ ဆရာမတွေက ကြယ်စင်ထွေး မရှိတော့ဘူး။ ရေထဲမျောပါသွားပြီပြောတော့ ကျမလည်း လန့်သွားတာ။”

အဆိုပါကလေးငယ်သည် မူကြိုကျောင်းဝင်းမှ မည်သည့်အချိန်အတွင်း ပျောက်ဆုံးသွားသည်ကို မသိရသော်လည်း ညနေခင်း ဆော့ကစားချိန်အတွင်း ထွက်ကစားသွားခြင်းဖြစ်နိုင်သည်ဟု မူကြိုဆရာမ ဒေါ်ရွယ်ဆန့်က ပြောသည်။

 “တနေကုန်လည်း အတူနေတယ်၊ ညနေပိုင်း ၃ နာရီမှာ ထမင်းစားပြီးတော့ ဆရာမတွေက အားလုံးပြန်ရ အောင် ဆုတောင်းမယ်ဆိုပြီး ကလေးတွေကို စုလိုက်တော့ သူကပါမနေဘူး။ သူ့အတန်းပိုင်ဆရာမက ကြယ်စင်ထွေး မပါဘူး။ အိမ်ကိုပြန်သွားတာလားဆိုပြီး ဖုန်းဆက်တော့ မရလို့ အိမ်ကိုပြန်လိုက်သွားလည်း မရှိဘူးဖြစ်နေတယ်။ ကျောင်းဝင်းနဲ့ ချောင်းလည်း နီးနီးလေးပဲဟုတ်တယ်။ ကျမတို့ကျောင်းဝင်းကခြံလည်းကာ ထားတာ  ဟုတ်တယ်။ ဒါပေမဲ့ ထမင်းချက်တဲ့သူက ထင်းကောက်တဲ့ ဘက်ကနေပြီးတံခါးဖွင့် ထားတယ်တဲ့။ အဲဒီကနေထွက်သွားတယ်ထင်တယ်။ ကျမတို့လည်း ကလေးကများ ဆရာမကနည်း ဆိုတော့ ကလေးနဲ့ဆရာမ မမျှလို့ တစ်ယောက်ချင်းစီကို ကြည့်ရှုရတာလည်းခက်တယ်လေ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ကလေးငယ် ရေထဲဆင်းသွားသည်ကိုလည်း ၎င်းကလေးနှင့်အတူလိုက်ပါသွားခဲ့သော  ကလေးငယ်တစ်ဦးထံမှ သိလိုက်ရခြင်းဖြစ်သည်ဟု ဆရာမက ဆက်ဆိုသည်။

“သူ့ညီမတော်တဲ့ တခြားအခန်းက အယ်စတာဆိုတဲ့ကလေးနဲ့ အတူချောင်းထဲကိုသွားတာတဲ့ အဲဒီကလေးကို မေးကြည့်တော့ ကျမက ကုန်းမှာရပ်နေတယ်။ ကြယ်စင်ထွေးက ကျောက်ပေါ်မှာရပ်တယ်လို့ပြောတယ်။ သူဘယ်လိုပြန်လုပ်လဲဆိုပြီး ပြန်မေးတော့ သူအဲဒီကျောက်မှာ ပြားပြားဝပ်နေတယ်တဲ့။ အဲဒီနောက်ကောလို့ ပြန်မေးတော့ သူရေထဲပြန်ဆင်းသွားတယ်ဆိုပြီးပြောတယ်။ အဲဒီကလေးလည်း ငယ်သေးတော့ ကောင်းကောင်း ပြန်မပြောတတ်ဘူး။”

ဂျေယန့်ဒုက္ခသည်စခန်းတွင် ကလေးငယ်များ၏ အသက်အရွယ်ကန့်သတ်ကာ မူကြိုကျောင်း ၄ ဆောင်ဖွင့်လှစ်ထားရာ ယခုပျောက်ဆုံးသွားသော ကလေးငယ်သည် အမှတ်(၃) မူကြိုကျောင်းမှ ဖြစ်ကြောင်း သိရသည်။

ထိုအမှတ် (၃) မူကြိုကျောင်းတွင် ကလေးငယ် စုစုပေါင်း ၁၃၁ ဦးရှိကာ ၎င်းတို့အား ဆရာမများ ၉ ယောက်ဖြင့် ကြည့်ရှုသင်ကြားနေခြင်းဖြစ်ကြောင်း ဆရာမများမှ သိရသည်။

သေဆုံးသွားသောကလေးငယ်တွင် မိဘနှစ်ဦးနှင့် အစ်မနှစ်ဦးရှိပြီး ကြယ်စင်ထွေးသည် အငယ်ဆုံးသမီးဖြစ် ကြောင်း မိသားစုဝင်မှ သိရသည်။

၎င်းတို့မိသားစုမှာ အစိုးရနှင့် KIO ကြားတိုက်ပွဲဖြစ်ပွားရာနေရာ နမ်ဆန်ယန်အနီးရှိ ဘန်ဆောင် (Ban Sau) ကျေးရွာမှ ဂျေယန့် ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလုံလာခြင်းဖြစ်သည်။

Most read this week