ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရတင်းမာမှု အရှိန် လျှော့နည်းလာ

ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရတင်းမာမှု အရှိန် လျှော့နည်းလာ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်)တွင် အစိုးရတပ်နှင့် တင်းမာမှုများ လျော့နည်းလာပြီး အစိုးရတပ်အချို့ကိုလည်းနောက်ဆုတ် ထားကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၉ ရက် နံနက် အစိုးရတပ် ခြေမြန်တပ်ရင်း ခလရ (၁၂၅၊၁၂၃) တပ်ဖွဲ့မှ စစ်အင်အား ၁၀၀ ကျော်သည် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) နှင့် ၎င်းတို့လှုပ်ရှားနယ်မြေ ခလွမ်ရွာမှ ၅ မိုင်ခန့်ရှိသော ကောင်းဂွင်စခန်းသို့ နောက်ဆုတ်သွားခြင်းဖြစ်ကြောင်း MHH တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“အဲဒီအစိုးရတပ်က ခလွမ်ရွာ (Hka Lum mare) မှာလှုပ်ရှားနေတာ ၁ ပတ်ကျော်ရှိပြီ ကျွန်တော်တို့နဲ့ အနီးကပ်ဆုံးမှာ ရှိနေတာဟုတ်တယ်။ မနေ့က ကျွန်တော်တို့ MHH တပ်ဖွဲ့ကနေပြီး ညမိုးချုပ်ထိ အစိုးရတပ်တွေရှိနေရင်တော့ ပစ်မယ်ဆိုပြီး ရပ်ကွက်သူကြိီးကနေတဆင့် ပြောလိုက်တာ အဲဒီနောက်မှာ ဆုတ်သွားကြတယ်”

အဆိုပါအစိုးရတပ်များသည် ရွာသားများနှင့် အနီးဆုံးနေသောတပ်များလည်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်း ရွာသားများ တရုတ်ဘက်ခြမ်းသို့ အားလုံးတိမ်းရှောင်သွားကြချိန် ၄င်းတို့နောက်ဆုတ်သွားခြင်းလည်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ပြန်လည်ငြိမ်သက်လာသောကြောင့် ရွာသားများလည်း နေရပ်သို့ ပြန်လာနေကြောင်းသိရသည်။

တပ်ခွဲ (၅) တပ်ချထားသော ခလွမ်ရွာ (Hka Lum) ရှိ ဆိုင်းထူခက် (Seng Htu Hkyet) သို့မဟုတ် ဂျောင်ဖန်ကောင် (Jawng Hpang Kawng) စခန်းသည် ပြီးခဲ့သည့်အပတ်အတွင်း အစိုးရတပ်များနှင့် စခန်းလုတိုက်ပွဲဖြစ်ပွားခဲ့သောနေရာဖြစ်ပြီး ယခင်က မြန်မာအစိုးရ၏ တပ်စခန်းဟောင်းလည်းဖြစ်ကြောင်း သိရသည်။

ယခုလို အစိုးရတပ်ဖွဲ့အချို့ နောက်ဆုတ်ထားခြင်းသည် မေလပိုင်း အစိုးရနှင့် KIO မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်ဟု သုံးသပ်နိုင်ကြောင်း တပ်မဟာ(၄)အရာရှိ တဦးပြောသည်။

“ဒီ မြစ်ကြီးနားကဆွေးနွေးပွဲနောက်ပိုင်း အစိုးရတပ်လှုပ်ရှားမှုတွေ နည်းလာသလိုပဲ။ အရင်ကလို တစ်ရွာဝင်တစ်ရွာ ထွက် ကားလမ်းဘယ်ညာကြိုက်သလို ဝင်ထွက်သွားလာတာမျိုး မရှိတော့လို့ပစ်ခတ်မှု တွေငြိမ်နေတာ။ ဒါပေမယ့် တပ်ရုပ်သွားတာမျိုးတော့မဟုတ်သေးဘူး” ဟုဆိုသည်။

နှစ်ဖက်တပ်များ တင်းမာမှုအခြေအနေသည် တိုက်ပွဲများ လုံးဝရပ်သွားခြင်းမျိုးမဟုတ်ပဲ လှုပ်ရှားမှုပေါ်မူတည်၍ ဆက်လက်ဖြစ်ပွားလာနိုင်သည့်အခြေအနေဖြစ်ကြောင်းသုံးသပ်သည်။

အဆိုပါ KIA တပ်မဟာ (၄) နယ်မြေဘက်တွင် ဇွန်လကုန်ပိုင်း၌ နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် လဆန်းပိုင်းမှ သိသိသာသာ လျှော့သွားခြင်းဖြစ်ကြောင်းသိရှိရသည်။

ယခုချိန်မြစ်ကြီးနားမြို့တွင်လည်း ဆွေးနွေးပွဲမှသဘောတူညီချက်အတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအကြံပေးအဖွဲ့ Technical Team ကို ဖွဲ့စည်းရန် KIO အရာရှိများလည်းစတင်ရုံးထိုင်နေပြီဖြစ် ကြောင်း သိရသည်။

Most read this week