မြစ်ဆုံကြောင့် ပြောင်းရွှေ့ရသူ ဒေသခံများနေအိမ် မိုးမလုံ အခက်အခဲ ရင်ဆိုင်နေရ

မြစ်ဆုံကြောင့် ပြောင်းရွှေ့ရသူ ဒေသခံများနေအိမ် မိုးမလုံ အခက်အခဲ ရင်ဆိုင်နေရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံတွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသော ဒေသခံများသည် ပြန်လည်နေရာချထားရေး ပုံစံနေအိမ်များတွင် မိုးရာသွန်းချိန် မိုးမလုံသဖြင့် နေထိုင်ရအခက်ခဲဖြစ်နေကြောင်း သိရသည်။

ဒေသခံများသည် အဆိုပါနေအိမ်တွင်ပြောင်းရွှေ့နေထိုင်သည်မှာ ၂ နှစ်ခန့်သာရှိနေထိုင်သေးသော်လည်း အထူးသဖြင့် ယခုလို မိုးရာသီချိန်တွင် မိုး၊ လေ မလုံသောကြောင့် ပို၍အခက်ကြံုနေရခြင်းဖြစ်သည်ဟု အောင်မြင်သာကျေးရွာဥက္ကဌ ဦးလာရမ်ပြောသည်။

“မိုးလည်းအရမ်းရွာတယ်။ အခု ဆက်တိုက်ရွာနေတာ ၂ ရက်ရှိပြီ။ အိမ်တွေအားလုံး ပေါက်နေလို့။ အိမ်တိုင်းမှာ မိုးယိုနေတယ်။ အဲဒါကြောင့် အားလုံးက အရမ်းခက်နေတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ရေကာတာစီမံကိန်းနှင့် မလွှတ်ကင်းသည့်နေရာဟုဆိုကာ တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI)နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့မှ တန်ဖရဲအထက် ၈ မိုင်တွင် အောင်မြင်သာစံပြကျေး ရွာသစ်တည်ဆောက်ကာ နေအိမ်များကို ပုံစံတူပျဉ်ထောင်အိမ်သွပ်မိုးများဖြင့် ဆောက်လုပ်ပေးထား ခြင်းဖြစ်သည်။

သို့သော် ထိုအိမ်များသည် မိုးဒဏ်၊ လေဒဏ် ပြင်းထန်မှုပင်မရှိသေး ပြီးခဲ့သည့် မတ်လအတွင်းရိုးရိုးလေပြင်း တိုက်ခတ် လာချိန် အချို့အိမ်များသည် အိမ်ခေါင်မိုးခွာသွားခြင်း လွင့်သွားခြင်း၊ ပျက်စီးခြင်းများဖြစ်ပွား ခဲ့ကြောင်း ဒေသခံများပြောသည်။

ပျက်စီးသွားသော နေအိမ်များကို ပြန်လည် ပြုပြင်ဆောက်လုပ်ပေးရန်အတွက် မေလအတွင်း CPI အဖွဲ့များရောက်လာချိန် ကျေးရွာသားများက တောင်းဆိုခဲ့သော်လည်း ယခုချိန်ထိဆောက်လုပ်ပေးခြင်းမရှိသေး သောကြောင့် မိုးရာသီချိန် အခက်ခဲဖြစ်နေဆဲဖြစ်သည်ဟု လူထုအခြေပြုအဖွဲ့စည်း Mungchying Rawt Jat (MRJ) အဖွဲ့ဝင် အောင်မြင်သာ ဒေသခံ ဒေါ် ဂျာခေါန် ကပြောသည်။

“ကျမအိမ်လည်း မိုးအရမ်းယိုတယ်။ မျက်နှာကျက်လုပ်ပေးတာလည်း ၃ ထပ်သားနဲ့လုပ်ထားပေးတယ်။ အဲဒါတွေလည်း မကောင်းဘူး။ မိုးယိုပြီး မိုးရေပြန်ထိတော့ အားလုံးပျက်သွားတယ်။ သူတို့ ဆောက်ထားပေး တဲ့အားလုံးက ကောင်းကောင်းမလုပ်ပေးတာတွေချည်းပဲ အိမ်ပျက်တာတွေ၊ အိမ်တာပျက်တာတွေ၊ အခုတ လောသူတို့လာကြည့်ပြီး အိမ်အမိုးပေါက်သွားတာတွေ ဓါတ်ပုံရိုက်သွားတယ်။ လာလုပ်ပေးမယ်ဆိုပြီး ပြောထားတယ်။ ဒါပေမဲ့ အခုထိ လာမလုပ်ပေးသေးဘူး။ ကျမတို့လည်း ဘာမလုပ်တတ်တော့ ဒီလိုပဲနေနေတာ အရမ်းနေရခက်တယ်”

ထို့ပြင် အောင်မြင်သာကျေးရွာအတွင်း နေရာများလည်း ကောင်းမွန်ခြင်းမရှိသောကြောင့် ဒေသခံများအတွက် အသက်မွေးဝမ်းကြောင်းရေးတွင် ခက်ခဲရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဆက်ဆိုသည်။

“ခက်တာက သူတို့ပေးထားတဲ့ဒီမြေကလည်း မကောင်းဘူးလေ။ မြေနီတွေပဲဖြစ်တော့ စိုက်စားဖို့လည်းခက် တယ်။ ပတ်ဝန်းကျင်မှာလည်း ကုမ္မဏီတွေရဲ့ နှစ်ရှည်ပင်တွေစိုက်တဲ့နေရာတွေပဲဖြစ်တော့ ကျမတို့လုပ်စားဖို့ နေရာမရှိဘူး။ တချို့က ဒီကနေ ၈ မိုင်လောက်ဝေးတဲ့ တန်ဖရဲမှာပဲ တောင်ယာတွေသွားလုပ်စားတယ်။ ရှုထင်းလည်း အရမ်းခက်တယ်။ ဒီပတ်ဝန်းကျင်မှာလည်း ထင်းခွေဖို့နေရာမရှိတော့ တန်ဖရဲမှာပဲ သွားခွေရတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

စားဝတ်နေရေးအတွက်လည်း ခက်ခဲနေပြီး တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ အောင်မြင်သာကျေး ရွာကို ယခုနှစ်အတွက် တစ်နှစ်စာ ဆန်ကိုထောက်ပံ့ပေးမည်ဟု ပြောဆိုထားသော်လည်း ၂ လအတွက်လိုအပ် နေ သေးကြောင်း သိရသည်။

အောင်မြင်သာကျေးရွာ ဒေသခံများသည် ယခုနှစ်မိုးရာသီမမကုန်မီ မိုးယိုသည့်အခက်ခဲမှ အမြန်ဆုံးဆောင်ရွက် ပေးရန် လိုလားနေကြောင်း ပြောဆိုသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် တန်ဖရဲဒေသရှိ ကျေးရွာများအား ၂၀၁၀ မေလမှစ၍ အောင်မြင်သာရွာ သစ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ယခုချိန်တွင် အိမ်ခြေ ၃၂၇ နှင့် လူဦးရေ ၂၀၀၀ ကျော်နေထိုင်ကြောင်း သိရသည်။

Most read this week