အစိုးရနှင့် KIO ‘သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး’ ကိစ္စ ဆွေးနွေးသင့်ဟု KNO ပြော

အစိုးရနှင့် KIO ‘သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး’ ကိစ္စ ဆွေးနွေးသင့်ဟု KNO ပြော
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများတွင် ကချင်လူထုလိုလားသော သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Absolute Sovereignty Power) နှင့်ပတ်သက်၍ ဆွေးနွေးမှုမရှိသောကြောင့် ၄င်းကိစ္စကို ဆွေးနွေးရန်လိုအပ်ပြီဖြစ်ကြောင်း ပြည်ပအခြေစိုက်ကချင်အမျိုးသားအစည်းအရုံး KNO က ထောက်ပြလိုက်သည်။

ထိုင်းနိုင်ငံ ကချင်အမျိုးသားအစည်းအရုံး (KNO) မှ ဇူလိုင် ၄ ရက် ရက်စွဲဖြင့် KIO ထံ လိပ်မူထားသောစာတွင် “အစိုးရနှင့်တရားဝင်တွေ့ဆုံဆွေးနွေးမှုလုပ်တိုင်းတွင် UN ကိုယ်စားလှယ်များနှင့် အခြားနိုင်ငံကိုယ်စား လှယ်များ သက်သေအဖြစ် ပါ၀င်တက်ရောက်ခဲ့သော်လည်း ကျွနု်ပ်တို့ပြည်သူလူထုလိုလားသော ‘သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ (Absolute Sovereignty Power) ဟူသည့် စကားလုံးကို KIO အနေဖြင့် ထည့်သွင်းဆွေးနွေးမှုမတွေ့ရသောကြောင့် နိုင်ငံတကာရောက်ကချင်လူထုမှ ထိုင်းနိုင်ငံ KNO ထံသို့ ပြောဆိုလာသည်ကို ပြန်လည်တင်ပြခြင်းဖြစ်သည်” ဟု ဆိုသည်။

ကချင်အမျိုးသားများ၏ သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည့် အသံသည် KIO နှင့် အစိုးရ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်ဆိုင်းခဲ့ချိန်နှင့် ယခုတကျော့ပြန်ဖြစ်ပွားနေသော ပြည်တွင်းစစ်၂ နှစ်ကျော်ချိန်ထိ တသံတည်းသာဖြစ်သောကြောင့် လူထု၏ဆန္ဒကို အလေးထားသင့်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်အမျိုးသားအစည်းအရုံး (KNO) ဥက္ကဌ  ဦးခေါင်ဟောင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အရင်ကတော့ အစိုးရနဲ့ KIO တွေ့ဆုံဆွေးနွေးတဲ့ချိန် ပြည်သူလူထုအသံကို နားထောင်ခြင်းမရှိဘဲနဲ့ သူတို့ဆွေးနွေးပြီးသူတို့လက်မှတ်ထိုးခဲ့ကြတယ်။ အခုချိန် KIO နောက်မှာပြည်သူလူထုရှိတယ်။ တချို့က သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလိုချင်တဲ့သူရှိသလို တချို့ကလည်း ငြိမ်းချမ်းရေးကို လိုချင်သူရှိတယ်။ တချို့က ပြည်ထောင်စုကိုလိုချင်တယ်။ အခုချိန်မှာကိုယ့်သဘောနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ ပြည်သူလူထု အားလုံးရဲ့အသံကို နားထောင်စေချင်တယ်”

ထို့ကြောင့် လာမည့်တွေ့ဆုံဆွေးနွေးမှုတိုင်းတွင် ကချင်အမျိုးသားများလိုလားသည့် သီးသန့်ကိုယ်ပိုင် အုပ်ချုပ်ရေး (Absolute Sovereignty Power) ကိစ္စကို ဆွေးနွေးရန်နှင့် နိုင်ငံတကာသို့ ထုတ်ပြန်ကြေငြာမှု ကိုလည်းပြုလုပ်သွားရန် အချက် (၄) ချက်ဖြင့် မေတ္တာရပ်ခံတောင်းခံထားခြင်းဖြစ်သည်။

တဖက်တွင်လည်း မြစ်ကြီးနားတွင် အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီချက်အတိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် KIO နှင့် လူထုပါ၀င်သော အလုပ်အဖွဲ့ (Technical Team) တခုဖွဲ့စည်း၍ ရုံးဖွင့်ရန်ကိစ္စကို ဆွေးနွေးတိုင်ပင်နေသောအချိန် KNO မှ ယခုကဲ့သို့ လူထုအသံနှင့်အတူ တင်ပြလာခြင်းလည်းဖြစ်သည်။

မြန်မာအစိုးရနှင့် KIO ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးမှုများပေါ်မူတည်၍ အပစ်ရပ်ရေး အတွက် နှစ်ဖက်တပ်မှ လက်မှတ်ထိုးလာနိုင်ခဲ့မည် ဆိုပါကလည်း ကချင်အမျိုးသားအစည်းအရုံး အနေဖြင့် ‘သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ အဆင့် မရောက်မချင်း လူထုအသံနှင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) ဥက္ကဋ္ဌ ဒူဝါ ဘောမ်ဝမ် လရော် (Duwa Bawmwang Laraw) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ယခင်က ကိုယ်စီတပ်ဖွဲ့များထားကာ ရပ်တည်ခဲ့ခြင်း ဖြစ်သော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာချိန် ပြန်လည်ပူးပေါင်းရန် ၂၀၁၁ ဇန်နဝါရီ ၂၂ ရက်က နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Most read this week