ကချင်ဒုက္ခသည်များ နေထိုင်သည့် ယာယီအိမ်များ ပျက်စီးလာ

ကချင်ဒုက္ခသည်များ နေထိုင်သည့် ယာယီအိမ်များ ပျက်စီးလာ
by -
ကချင်သတင်းဌာန

စစ်ရှောင်နေစဉ် ၂ နှစ်ကာလအတွင်း ခိုလှုံနေကြသော ဒုက္ခသည်များ၏ ယာယီအိမ်များ ပျက်စီးလာသောကြောင့် အိမ်သစ်များကိုပြန်လည်ပြုပြင် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ဒုက္ခသည်မိသားစုများနေထိုင်သည့် ယာယီဆောက်ထားသောတဲအိမ်များ ပျက်စီးယိုယွင်းလာခြင်းကြောင့် အလှူရှင်များကို မျှော်လင့်နေကြောင်း ဒုက္ခသည်ဖြစ်သူ ဒေါ်လွမ်းနော ကပြောသည်။

“စစ်ပြေးလာတာ ၂ နှစ်ကျော်ရှိလာပြီဆိုတော့၊ အခုနေတဲ့ယာယီအိမ် အားလုံးကမကောင်း တော့ဘူး၊ အဲဒီအတွက်ကိုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကိုလည်း သတိထားမိစေချင်တယ်” ဟုဆိုသည်။

လက်တလော ဒုက္ခသည်အချို့ကို KIO ကူညီရေးအဖွဲ့မှ ယာယီ ဆောက်ပေးထားသော စခန်းတွင် ရွှေ့ပြောင်းနေရာချထားခဲ့သော်လည်း အချို့အိမ်အသစ် ဆောက်လုပ်ရန် လိုအပ်နေသော အိမ်ထောင်စု များလည်း ကျန်ရှိသေးကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေ ဖုန်လွမ်ယန် (Hpunglum Yang) ဒုက္ခသည်စခန်းတွင် ယခုချိန်အိမ်ထောင်စု (၃၃၆) စုအတွက် မြစ်ကြီးနား မေတ္တာအဖွဲ့အစည်းတစ်ခုမှ အကူအညီ ရရှိသောကြောင့် အိမ်သစ်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဇွန်လမှ စတင်အကောင်ထည်ဖော်ခြင်းဖြစ်ပြီး နေအိမ်သစ်ဆောက်လုပ်ရေးအတွက် မိသားစုဝင်နည်းသောသူများကို အိမ်တစ်လုံးကို အခန်း ၁၂ ပေအကျယ်၊ အရှည် ၃၆ ပေ ဖြင့် အိမ်ထောင်စု ၂စု နေရန်နှင့် လူ ၁၀ ဦး ထက်ပိုသောမိသားစုများဖြစ်ပါက တစ်လုံးစီ နေထိုင်ရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း စခန်းတာဝန်ခံဦး ဂျန်မာလဂျာ (Jangma La Ja) ကပြောသည်။

“မေတ္တာအဖွဲ့က မနှစ်ဒီဇင်ဘာလောက်မှာ စာရင်းလာပြီး ကောက်ထားတယ်၊ အဲဒီစာရင်းထဲမှာ ပါတဲ့သူတွေအတွက်ဘဲသူတို့လုပ်ပေးမယ်။ စာရင်းမပါတဲ့ အိမ်ထောင်စုတွေက မရဘူး။ ကျန်နေ သေးတဲ့အိမ်ထောင်စုအဖို့ KIO ကူညီရေးအဖွဲ့တွေ လုပ်ပေးမလားမသိဘူး။ တင်တော့ တင်ပြထားတယ်”

နေအိမ်သစ်များဆောက်လုပ်နိုင်ရန် အလှူရှင်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုရှိသော်လည်း အချို့ဒုက္ခသည်များအတွက်မူ မိမိနေထိုင်သည့်အိမ်များကို ပြုပြင်ရန် မိမိကိုယ်တိုင်အားထုတ်ရခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံဦး ဂျန်မာလဂျာ (Slg. Jangma La Ja) ကပြောသည်။

“အိမ်တစ်လုံးဆောက်ဖို့ လက်သမားခ တရုတ်ငွေ ၁၈၅၀ ယွမ်နှုန်း (ကျပ် ၃ သိန်း ခန့်) နဲ့ သတ်မှတ်ပေးတယ်။ တခြားလိုအပ်တဲ့ အိမ်ဆောက်လုပ်ပစ္စည်းတွေကိုတော့ အစုံဝယ် ထားတယ်။ ဒုက္ခသည်တွေပဲ သူတို့ဖာသာ အုပ်စုဖွဲ့ပြီးဆောက်ကြတယ်။ ဒါကြောင့်လည်း လက်သမားခကိုအများကြီး ကုန်စရာမလိုတော့ဘူး” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ ဆောက်လုပ်နေသော အိမ်သစ်များအတွက် အလှူရှင်များမှ ဘတ်ဂျတ်ငွေ မည်မျှချမှတ်ပေးသည်ကို မသိရသော်လည်း စုစုပေါင်းအိမ်အလုံးရေ (၁၆၉) အတွက် ထိုအဖွဲ့မှ ဆောက်လုပ်ပေးသွားမည်ဖြစ်၍ အိမ်ပုံစံအနေထားမှာ သုံးထပ်သား ထရံကာနှင့် သွပ်မိုးများဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များနေထိုင်ရန် ဆောက်လုပ်နေသော အိမ်သစ်များအတွက် အလှူရှင်အဖွဲ့မှ ကိုယ်တိုင်ကြည့်ကြပ် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

ယခုချိန် နေအိမ်များပျက်စီးကာ အသစ်ဆောက်ရန်လိုအပ်သော စခန်းများသည် KIO ထိန်းချုပ်နယ်မြေတွင်းရှိ ဝေကြိုင် (Woi Chyai) စခန်း၊ စျေး (၃) ကွက်စခန်းများအပြင် မြစ်ကြီးနားမြို့ရှိ အချို့စခန်းတွင်လည်း အိမ် ပြုပြင်ရန်၊ ပြင်ဆင်ရန်လိုအပ်လာနေပြီဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များအတွက် တည်ဆောက်ပေးထားသော တဲအိမ် ၁ အိမ်တွင် မိသားစုဝင် ၁၀ ယောက်ထက်မနည်း နေထိုင်ကြသောကြောင့် လူမှုပြဿနာများလည်း ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စောင့်ကြည့်သူများက ပြောသည်။

Most read this week