မြစ်ကြီးနား-ဖားကန့် သွားလမ်းတလျှောက် အစိုးရတပ် ဂိတ်များတွင် ငွေကောက်ခံနေ

မြစ်ကြီးနား-ဖားကန့် သွားလမ်းတလျှောက် အစိုးရတပ် ဂိတ်များတွင် ငွေကောက်ခံနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်ကားလမ်းမ တလျှောက် လုံခြုံရေးယူလိုက်သော အစိုးရတပ်များသည် ဂိတ် ၁၀ ခုထက်မနည်း ထားရှိကာ ဖြတ်သန်းသူများထံမှ ငွေကောက်ခံနေကြောင်းသိရသည်။

ဖားကန့်မြို့တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တင်းမာမှုလျှော့ကျလာသည့် မတ်လနှောင်းပိုင်းမှစ၍ ခရီးသည်ဖြတ်သန်းမှုများ စတင်စည်ကားလာခြင်းဖြစ်ရာ ယခုချိန်တွင်မူ ဂိတ်များတိုးချဲ့ကာ ငွေကောက်ခံနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားမှ ခရီးသည်တဦးပြောသည်။

“မြစ်ကြီးနားအထွက် ရှဒေါင်ဂိတ်မှာဂိတ်ကြီးရှိတယ်။ အဲဒီမှာဆိုအခု ၀ါးလုံးတန်းချပြီး ပိုက်ဆံတောင်း တော့တာ။ သူတို့က မိုးကောင်းကနေ ကားမိုင်းထိ ဂိတ် ၄ ခုရှိတယ် ။ ဖားကန့်ထိကတော့ ဂိတ် ၂၀ လောက်ရှိတယ် ။ အဲဒီမှာက ကျောက်စိမ်းသယ်တာတို့ ခရီးသည်တင်ကားတွေ၊ ကားအမျိုးအစားအလိုက် ပစ္စည်းတင်တာတွေကို များရင်များသလိုပေးရတယ်လို့ပြောတယ် ။ ဂိတ်မှာ ပေးရမယ့် အမျိုးအစားအလိုက် သတ်မှတ်နှုန်းတွေကို အကုန်ကပ်ထားတာတွေ့တယ်”  ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

အဆိုပါ ကားလမ်းတလျှောက်နေရာယူထားသော အစိုးရတပ်များသည် တပ်မ (၃၃) မှဖြစ်ပြီး ဖြတ်သန်းသွား လာသော ခရီးသည်များထံမှ ဂိတ်ကြေးအပြင် လုံခြုံရေးအရ သီးသန့် စစ်ဆေးမေးမြန်းမှုများ လည်းပြုလုပ်နေကြောင်း သိရသည်။

ဖားကန့်သို့သွားလာနေသောခရီးသည်များကို လုံခြုံရေးတပ်များက မသင်္ကာမှုဖြင့် ခေါ်ယူစစ်ဆေးနေ သောကြောင့် ဖားကန့်သို့ခရီးသွားလာဖို့ အစိုးရတပ်ဂိတ်တလျှောက် စစ်ဆေးမှုခံရမည့် ခရီးသည်များအတွက် စိုးရိမ်ကြောက်လန့်ကာ သွားလာနေရကြောင်း ခရီးသည်က ပြောသည်။

“အခုတော့ KIO ဆိုတာကတော့ ရှာရင်တောင်မတွေ့တော့ဘူး ဘယ်ရောက်ကုန်သလဲမသိဘူး။ ဂင်ဆီထိ အစိုးရတပ် တွေပဲ ဒေသခံတွေက ကြောက်လို့တောင် မအားကြတော့ဘူး။ အစိုးရတပ်တွေက သေနတ်နဲ့ချိန်ပြီးစစ်တာတွေရှိတယ်။ ဒေ့ါဖုန်းယန်မြို့နယ်၊ လဂျားယန်တို့ အဲဒီနေရာတွေကဆိုရင် တခါထဲ KIO မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေးတော့တာ၊ သူတို့စစ်တာက အဲဒါပဲ တလမ်းလုံး အစိုးရတပ်တွေချည်းပဲ KIA ကတော့ အကုန်ဖယ်ပေးလိုက်တယ်လို့ပဲ ပြောတယ်။ တိုက်ပွဲရှုံးသွားတာလားတော့မသိဘူး။ ဒေသခံတွေကတော့ KIO ကိုစိတ်ဆိုးနေကြတယ်”  ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

အစိုးရတပ်ဖက်မှ ဂိတ်များချပြီး ငွေကောက်ခံနေသော်လည်း ဖားကန့်သို့ သွားလာနေသော ကုန်သည်များ လုပ်ငန်းရှင်များအတွက်မူ လုပ်ငန်းလုပ်ပိုင်ခွင့်သည်သာ၍ အရေးပါနေခြင်းဖြစ်ကြောင်း ကုန်သည်များပြော သည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ချိန် ဖားကန့်ဒေသခံများရှိရာ သို့ အစိုးရတပ်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲစဉ် ဒေသခံများ ထိခိုက်သေဆုံးခဲ့သောအဖြစ်ပျက်များ ကြောင့် KIA ဖက်မှလည်း လူထုကိုမထိခိုက်စေရန် တောတောင်များသို့ နောက်ဆုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း KIA ဖက်မှပြောဆိုခဲ့သည်။

သို့သော် ထိုသို့စခန်းများကို နောက်ဆုတ်ပေးလိုက်ခြင်းအားဖြင့် ကျောက်စိမ်းတူးဖော်မှုတွင် အစိုးရဖက်မှ သိသိသာသာနေရာယူခြင်းများ၊ ဂိတ်ကြေးတိုးချဲ့ကောက်ခံမှု၊ လုံခြုံရေးကိစ္စရပ်များကြောင့် ဖားကန့်ဒေသခံများက KIA ကိုပြင်တင်ဝေဖန်ခဲ့ကြသည်။

ကချင်ပြည်နယ်၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းလည်းဖြစ် မြန်မာနိုင်ငံ၏ ဧရာမကျောက်စိမ်းတူး ဖော်မှုတခုလည်းဖြစ်သော ဖားကန့်ဒေသတွင် ယခုနှစ်ဆန်းပိုင်းထိ အစိုးရနှင့် KIA တိုက်ပွဲများကြောင့် ဖားကန့်ရှိ အစိုးရနှင့် အကျိုးတူကျောက်စိမ်းကုမ္ပဏီများ လွပ်လပ်စွာတူးဖော်မှု ထိခိုက်ခဲ့ရသေးသည်။

ယခုချိန်တွင်မူ အစိုးရတပ်များသည် ကျောက်စိမ်းနယ်မြေများတွင် လုံခြုံရေးယူကာစိတ်ကြိုက်ဝင်ထွက်သွား လာနေပြီး ယခင်ကတည်းက တနိုင်တပိုင် စွန့်ပစ်ကျောက်ရိုင်း ကောက်သောဒေသခံ (ရေမဆေး) သမားများကို ကောက်ခွင့်မပေးပဲ မောင်းထုတ်နေပြီး အထူးသဖြင့် ကချင်လူငယ်များကို ဖမ်းဆီးစစ်ဆေးကာ ပြစ်ဒဏ်ပေးရိုက်နှက်မှုများပြုလုပ်နေသည်ဟု ဖားကန့်ဒေသခံများကပြောသည်။

Most read this week