ဂျေယန့် ဒုက္ခသည်စခန်း တွင် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားနေ

ဂျေယန့် ဒုက္ခသည်စခန်း တွင် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားနေ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ငှက်ဖျားရောဂါကူးစက်ပြန့်ပွားမှု  အယောက် ၁၀၀ ကျော်  ဖြစ်ပွားနေကြောင်းသိရသည်။

ဒုက္ခသည်အများဆုံး ခိုလှုံနေသော ဂျေယန့်ဒုက္ခသည်စခန်းတွင် မေလပိုင်း မိုးကျလာချိန်မှစ၍ ကလေးငယ်များ နှင့် အသက်ကြီးပိုင်းတွင် ငှက်ဖျားရောဂါစတင်ဖြစ်ပွားလာရာ ယခုချိန်တွင်ပိုမို များပြားလာသောကြောင့် ကျန်းမာရေးစခန်းမှ တာဝန်ရှိသူများ စိုးရိမ်ပူပန်နေကြသည်။

နေ့စဉ် ကျန်းမာရေးဆေးခန်းသို့ ရောက်လာသော လူနာအယော က် ၅၀ တွင် ၂၀ ကျော်၌ ငှက်ဖျားပိုးစစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း ဂျေယန့် စခန်း (Je Yang) ကျန်းမာရေးမှူးတာဝန်ခံ ဆရာလဘန်နော်ဂျာ (Sara Labang Naw Ja) ပြောသည်။

“ဒီလို ပိုပြီးတော့ ကူးစက်ပြန့်ပွားတယ်ဆိုတော့ စိုးရိမ်မိတယ်။ ကျွန်တော်တို့ စခန်းအနီးမှာ ငှက်ပျောခြံတွေနဲ့ ဝါးရုံတောတွေများတော့ မြစ်ရေနဲ့လည်းနီး မိုးရွာလာတာနဲ့  ခြင်တွေက အရမ်း ပေါလာတယ်။ အဲဒါကြောင့် ငှက်ဖျားဖြစ်တဲ့သူကများလာတာ ငှက်ဖျားတက်ပြီး ချမ်းတုန်လာတယ်။ နေ့တိုင်းချမ်းပြီး တုန်တဲ့သူလည်းရှိ တယ်။ တစ်နေ့ခြားပြီး ချမ်းတုန်နေတဲ့့သူလည်းရှိတယ်”

ယခုလို ငှက်ဖျားရောဂါကူးစက်ပြန့်ပွားနေခြင်းသည် အဓိက ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပြီး ယခုချိန်ကျန်းမာရေး အဖွဲ့များမှ ပညာပေးမှုများ ပြုလုပ်ပေးနေကြောင်း ဆက်ဆိုသည်။

“ငှက်ဖျားမဲ (Malaria) ပိုးဖြစ်ရင် သတိလစ်သွားတာမျိုး၊ သွေးရူးတန်းရူးဖြစ်လာတာမျိုး၊ တက်လာတာမျိုးဖြစ် တယ်။ ဦးနှောက်အမြှေးပါး ပျက် သွားနိုင်ပြီးတော့ အသက်ပါသွားမှာစိုးရိမ်ရတယ်။ အခုမိန်းကလေး တစ်ယောက်မှာ ငှက်ဖျားမဲပိုး စစ်ဆေးတွေ့ရှိပြီးတော့ ဆေးခန်းကုနေရတယ်”

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လက Health Unlimited (HU) မှ ကူညီသော ဆေးခြင်ထောင် ၃၀၀၀ ကျော်ရရှိခဲ့သော်လည်း  ဒုက္ခသည်စခန်းသို့ ထပ်မံခိုလှုံလာသော ဒုက္ခသည် ၈၀၀ ကျော် အတွက် ခြင်ထောင်များကူညီရန် လိုအပ်နေသေးကြောင်း ကျန်းမာရေးမှူးတာဝန်ခံ ဆရာလဘန်နော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။  ဆေးဝါးများကိုလည်း Health Unlimited (HU)မှပင် ကူညီပေးပြီး စစ်ပြေး ဒုက္ခသည်် အိမ်ခြေပေါင်း ၁၆၄၄ ၊  ဒုက္ခသည်လူဦးရေ ၈၅၁၇ ဦး ခိုလှုံနေကြောင်းသိရသည်။

ထို့ပြင် တရုတ်နယ်စပ်ရှိ မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းတွင်လည်း   ဝမ်းပျက်ဝမ်းလျှောသူများ၊ သွေးအား နည်းသူများ၊ ချောင်းဆိုရင်ကျပ်ရောဂါ ဖြစ်ပွားေ နပြီး ဆေးဝါး များလိုအပ်နေကြောင်း  စခန်းမှ ကျန်းမာရေးမှူး ဆရာမ ထုလွမ်ပြောသည်။

ဗဟိုဌာနချုပ်အနီးရှိ ဖုန်လွမ်ယန် (Hpunglum Yang)၊ ဝေကြိုင် (Woi Chyai) စသည့် ဒုက္ခသည်စခန်းတွင် လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများနှင့် ငှက်ဖျားရောဂါဖြစ် နေသူများ ရှိနေကြောင်းသိရသည်။

ဗဟိုဌာနချုပ် လိုင်ဇာအတွင်းရှိ ဒုက္ခသည်စခန်းများတွင် ဆေးဝါးများကို Health Unlimited (HU)၊ ကမ္ဘာ့ကြက်ခြေနီ (ICRC) အဖွဲ့မှ ကူညီထောက်ပံ့ပေးပြီး တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများ တွင် မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

Most read this week