ရှမ်းမြောက် ကြူကုတ် ဒေသတွင် အစိုးရတပ်နှင့် KIA စစ်ရေးတင်းမာ

ရှမ်းမြောက် ကြူကုတ် ဒေသတွင် အစိုးရတပ်နှင့် KIA စစ်ရေးတင်းမာ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) KIA ပြည်သူ့စစ် (MHH) တပ်ခွဲ(၅) နယ်မြေသို့ အစိုးရတပ်များဝင်ရောက်နေသောကြောင့် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

အရပ်ဝတ်ဖြင့် အစိုးရတပ်ဖွဲ့များသည် ဇွန်လ ၃၀ ရက်နေ့တွင် ၁၀၅ မိုင် ရှမ်းရွာ တိန့်ယန်း (Ting Yang) မှ ဗင်ကား ၄ စင်းနှင့် ပန်ဆိုင်း (ကြူကုတ်) စခန်းသို့ စစ်အင်အားသစ်များ ဖြည့်ထားခဲ့သည်။ တချိန်တည်းမှာ အစိုးရစစ်သားများကို ပန်ဆိုင်း (ကြူကုတ်)မြို့ ပတ်ဝန်းကျင် မော်တော (Maw Taw) ရွာတွင် အင်အား ၃၀ ကျော်နှင့် ဟူဖဲ (Hu Hpye) ရှမ်းရွာတွင် အင်အား ရ၀ ကျော် ချထားကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်အမြင်တော့ ပြီးခဲ့တဲ့ ၂၆၊ ၂၇ ရက် အတွင်းမှာပစ်ခတ်ခဲ့ကြတဲ့့ အစိုးရတပ်ဘဲထင်တယ်။ အဲဒီတပ်ကို ရှမ်းရွာမှာ ကျွန်တော်တို့ ဝိုင်းထားခဲ့တာဟုတ်တယ်။ အထက်အရာရှိတွေက ရွာမှာ မပစ်ခတ်ဖို့ပြောတာနဲ့ ကျွန်တော်တို့ လမ်းဖွင့်ပေးလိုက်တာ။ အခုကျွန်တော်တို့နဲ့ အနီးဆုံးနေရာမှာ ရောက်နေကြတာ အဲဒီအဖွဲ့ပဲထင်တယ်”

ထို့ပြင် မုန်းဂိုးဘက်မှလည်း အစိုးရစစ်အင်အား ၆၀ ကျော်သည် ပန်ဆိုင်း (ကြူကုတ်) အနီး ခလွမ်ရွာ (Hka Lum) သို့ရောက်လာကာ MHH တပ်ခွဲ (၅) တပ်များ နေရာယူထားသော ဆိုင်းထူခက် (Seng Htu Hkyet) အနီးတွင် တပ်ချထားသောကြောင့် တိုက်ပွဲဖြစ်လာနိုင်ကြောင်းသိရသည်။

ထိုနေရာတွင် ပြီးခဲ့အပတ် ဇွန်လ၂၆ နှင့် ၂၇ ရက်နေ့တွင် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅)နှင့် အစိုးရ ခြေမြန်တပ်ရင်း ခမရ (၅၀၇) ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံရွာသား ၁၀၀ ကျော် တရုတ်ပြည်ဘက်ခြမ်း နောင်လုန်ရွာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

စစ်ရှောင်ရွာသားများ မိမိနေအိမ်ပြန်လာနိုင်ရန် MHH ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ဒေသခံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဆရာများ ဇွန် ၂၉ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် ရွာသား အများစု မိမိနေအိမ်ပြန်လာနိုင်ခဲ့သည်။

သို့သော် နောက်နေ့တွင် အစိုးရတပ်များ ထပ်မံစစ်ရေးလှုပ်ရှားလာခြင်းကြောင့် ပြန်လာကြသည့် ရွာသားများမှ သက်ကြီးပိုင်း ရွာသား ၄၀ ကျော်သည် တရုတ်ဘက်ခြမ်းသို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း ပြောသည်။

ရခိုင်ပြည်နယ်မှ တရုတ်ပြည်သို့ သွယ်တန်းသည့် ရွှေ ရေနံနှင့်သဘာဝဓာတ်ငွေ့ လမ်းကြောင်း တစိပ်တပိုင်းတည်ရှိရာ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေများအတွင်း အစိုးရတပ်များ စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲဖြစ်သောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း KIA မှပြောသည်။

Most read this week