ကေအိုင်အို ထိန်းချုပ်ရာ နယ်မြေအတွင်း မီးလောင်၊ လူနေအိမ်များ မီးသင့်လုဖြစ်

ကေအိုင်အို ထိန်းချုပ်ရာ နယ်မြေအတွင်း မီးလောင်၊ လူနေအိမ်များ မီးသင့်လုဖြစ်
တရုတ်-မြန်မာနယ်စပ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ မိုင်ဂျာယန်ကျေးရွာ အနီးတွင် ယနေ့နေ့လည် ပိုင်းက ကြံခင်း မီးရှို့ရာမှ ရွာအနီးနားသို့ မီးကူးစက်လောင်ရာ ဒေသခံ လူထုနှင့် အတူ တရုတ်နိုင်ငံဘက်မှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်ခဲ့ရ ...

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ မိုင်ဂျာယန်ကျေးရွာ အနီးတွင် ယနေ့နေ့လည် ပိုင်းက ကြံခင်းမီးရှို့ရာမှ ရွာအနီးနားသို့ မီးကူးစက်လောင်ရာ ဒေသခံလူထုနှင့် အတူ တရုတ်နိုင်ငံဘက်မှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ရသည်။

မီးလောင်နေစဉ်အတွင်း လေများ တိုက်ခတ်နေသဖြင့် မိုင်ဂျာယန်ကျေးရွာသို့ မီးကူးစက် လာမှာကို စိုးရိမ်ပူပန် မှုများရှိနေခဲ့ကြောင်း ဒေသခံများက ပြောသည်။

နေ့လည်မွန်းလွှဲပိုင်းအတွင်း မိုင်ဂျာယန်မြို့ပြင်ရှိ တောင်ကုန်းများပေါ်တွင်ရှိသည့် ကြံစိုက်ခင်းများတွင် ကြံခုတ်ပြီး ကျန်ရှိသည့် ကြံရွက်အခြောက်နှင့် အမှိုက်သရိုက်များ မီးရှို့ရာမှ စတင်ကူးစက် လောင်ကျွမ်းခဲ့သည်ဟု ဒေသခံ တဦးက ပြောသည်။

“တရုတ်တွေကို ဌားရမ်းပေးထားတဲ့ မြေတွေမှာ တရုတ်ကကြံတွေ စိုက်တာရှိတယ်။ ကေအိုင်အိုက ငှား သလား၊ ရွာကဘဲ ငှားသလားဆိုတာတော့ မပြောတတ်ဘူး။ တောင်ပေါ် တွေမှာ တရုတ်တွေက အခင်းတွေလုပ်တာရှိတယ်၊ အဲဒီမှာ ကြံခင်းမှာ မီးရှို့နေတုန်း လေကလည်း တိုက်နေတော့ ရွာကိုရောက်လာတာ။ အိမ်တွေတော့ မပါဘူး။ မီးသတ်ကားတွေ တရုတ်ဘက်ကနေသွားတယ်။ ဒီတရုတ် ကျန်းဖုန်းဘက်ကနေ သွားရတာပေါ့။”

ကြံခင်းမီးမှာ လူနေအိမ်များသို့ ကူးစက်လုနီးဖြစ်ခဲ့သည်ဟု မီးလောင်နေစဉ်အတွင်း ဖုန်းအဆက်အသွယ်ရသူ ရွှေလီဒေသခံတဦးက အခုလိုပြောသည်။

“ကျမသူငယ်ချင်းက အဲဒီမှာ မီးလောင်နေတုန်း ဖုန်းဆက်လာတာ။ စိုးရိမ်နေကြတာတဲ့။ ကျမ သူငယ်ချင်း အိမ်နားအထိကို မီးရောက်လာတာတဲ့။ လေကလည်း အရမ်းတိုက်တယ်တဲ့။ အခုတော့ တရုတ်မီးသတ်ကားတွေကော ရောက်နေပြီတဲ့။ နေအိမ်တွေတော့ မီးမကူးဘူးတဲ့။ မိုင်ဂျာယန် အပြင် ဘက်မှာ ဖြစ်တာတဲ့။ ”
 

မိုင်ဂျာယန်ကျေးရွာဟု ဆိုသော်လည်း ကာစီနိုလောင်ကစားရုံများ၊ တိုက်တာ အဆောက် အဦများ၊ စတိုးဆိုင်များရှိသလို ကေအိုင်အိုအဖွဲ့မှ ဖွင့်လှစ်သည့် ကွန်ပြူတာနှင့် ဆိုင်သည့် သင်တန်း၊ တရုတ်စာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းများ ပေးနေသည့်နေရာလည်း ဖြစ်၍ ကေအိုင်အိုအတွက် နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးပါသည့်နေရာလည်း ဖြစ်သည်။

မကြာသေမီးက မိုင်ဂျာယန်ရှိ ကာစီနိုလောင်ကစားရုံတွင် တရုတ်နိုင်ငံသားများအား လောင်းကစားရုံမှ  ပြန်ပေးဆွဲသည့်သတင်းပေါ်ထွက်ခဲ့ပြီးနောက် ကေအိုင်အိုနှင့် တရုတ် အာဏာပိုင်များ အကြား တွေ့ဆုံဆွေးနွေး နေရသလို လောင်းကစားရုံများကို ပိတ်ဖို့ ဖိအားပေးသည့် အနေဖြင့် တရုတ်ဘက်မှ မိုင်ဂျာယန်သို့ပေးနေသည့် လျပ်စစ်မီးများ အခုလ အစောပိုင်းက ဖြတ်တောက်ထားခဲ့သည်။

ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံဘက်ခြမ်းတွင် တောင်ယာမီးရှို့ရာမှ စတင်လောင်နေခဲ့ပြီး (၂၂)ရက်နေ့တွင် တရုတ်ပြည်ဘက်သို့ နယ်စပ်ဖြတ်ကျော် မီးကူးစက်လာခဲ့ရာ တရုတ်နိုင်ငံ ဘက်မှ နယ်ခြားစောင့်တပ်နှင့် မီးသတ် အင်အား ၃၀၀၀ ကျော် ငြိမ်းသတ်ခဲ့ရသည်။

Most read this week