KIO အလုပ်အဖွဲ့ (Technical Team) မြစ်ကြီးနားမြို့တွင် ဖွဲ့စည်းတော့မည်

KIO အလုပ်အဖွဲ့ (Technical Team) မြစ်ကြီးနားမြို့တွင် ဖွဲ့စည်းတော့မည်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ကချင်ပြည်သူလူထုနှင့် အစိုးရကြား လိုအပ်သောလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလုပ်အဖွဲ့ (Technical Team) ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ဖွဲ့စည်း တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Technical Team ကိုဖွဲ့စည်းရန် ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် KIO ခေါင်းဆောင်ပိုင်းများမှ ဇွန်လ ၁၈-၁၉ ရက် နှစ်ရက်ကြာ အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း KIO ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က ပြောသည်။

“အခုတလော အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆွေးနွေးခဲ့ကြတယ်၊ အခုဖွင့်တော့မယ်၊ အဲဒီအဖွဲ့မှာ ဘယ်သူတွေပါမယ်ဆိုတာက အတိအကျ မပြောနိုင်သေးဘူး၊ အဲဒီအဖွဲ့ကနေပြီး ပြည်သူလူထုကိစ္စရပ်တွေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်တာတွေ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်”

Technical Team ရုံးကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ KIO ဆက်ဆံရေးရုံးတွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းအဖွဲ့ထဲတွင်ပါ၀င်သော ရုံးထိုင်မည့် KIO အဖွဲ့များကို ဇူလိုင်လ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှသွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း PCG မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

“KIO ဖက်ကတော့ အဖွဲ့ဝင်ထဲက အခုလောလောဆယ် ၄ ယောက်တော့သိရတယ်၊ အားလုံးဘယ်လောက် ဖြစ်မယ် စာရင်းအတိအကျတော့မရသေးဘူး၊ အပြင်လူထုဖက်က ၁၆ ယောက်တော့ပြောထားတယ်၊ ဒါပေမဲ့ အဲဒီထဲက ပြန်ရွေးသွားမယ်၊ အဲဒီ ၁၆ ယောက်နဲ့ အခုရောက်လာမဲ့ KIO အဖွဲ့တွေအကုန်လုံးတွေ့ပြီးမှပဲ အဲဒီထဲက ဘယ်သူအချိန်ပြည့်ဝါ၀င်နိုင်မယ်ဆိုတာကို မေးပြီး ပိုသင့်တော်မဲ့လူကို ရွေးထည့်သွားမှာဖြစ်တယ်။ အဲဒါတွေအကုန်လုံးကို အတည်ပြုရွေးချယ်ပြီးမှ သူတို့ရုံးထိုင်သွားလိမ့်မယ်”

၎င်းတို့အဖွဲ့ ရုံးထိုင်ပြီးနောက်ပိုင်းမှ အစိုးရနှင့် KIO ကိုယ်စားလှယ်များ ပြန်လည်တွေ့ဆုံဆွေးနွေးမည့် ကိစ္စနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က ပြောသည်။

“ဒီအဖွဲ့ ဖွဲ့စည်းဖို့အတွက် အစိုးရနဲ့ မြစ်ကြီးနားမြို့မှာဆွေးနွေးပြီး သဘောတူထားတာလေ၊ အဲဒီသဘော တူချက်အရ ဖွင့်လိုက်တာလည်းဖြစ်တယ်၊  အဲဒီဖွဲ့စည်းလိုက်ခြင်းနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင် သွားမဲ့လုပ်ငန်းစဉ်တွေက တစ်ခုပြီး တစ်ခု အကောင်အထည်ပေါ်လာမယ်ဖြစ်တယ်၊ အဲဒီချိန်မှ ပိုပြီးပေါ်လွင် လာမယ်၊ သိသိသာသာ ပိုနားလည်လာမှာပါ”

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား မတ်လအတွင်း မြစ်ကြီးနားမြို့တွင် ၃ ရက်ကြာတွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်လိုက်သည့် သဘောတူညီချက် ရ ချက်ထဲမှ တစ်ခုဖြစ်သည့် လိုအပ်သော လုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်များနှင့် အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန်ဆိုသည့်အချက်ကို KIO မှ ပထမဦးဆုံး စတင် အကောင်အထည်ဖော် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

Most read this week