KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်ကလေးများ အခက်ခဲအမျိုးမျိုးကြောင့် စာမသင်နိုင်သေး

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်ကလေးများ အခက်ခဲအမျိုးမျိုးကြောင့် စာမသင်နိုင်သေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသော ကျောင်းသူကျောင်းသားများအတွက် ကျောင်းဆောင်မလုံလောက်မှုနှင့် ဆရာများမှအစ လိုအပ်နေသောကြောင့် ကျောင်းဖွင့်ရန်အခက်ခဲရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း KIO ထိန်းချုပ်နယ်မြေသို့ အစိုးရကျောင်းမှလည်း ကျောင်းသားသစ်များ ၁၀၀ ကျော် ထပ်တိုးလာသောကြောင့် ကျောင်းဆောင်သစ်များတိုးချဲ့ရသည့်အပြင် ကျောင်းသားအားလုံးအတွက်လည်း သင်ထောက်ကူပစ္စည်းများ အရာရာ ခက်ခဲနေသည်ဟု ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ကပြောသည်။

“အခက်ခဲဆိုတာတော့ ကျောင်းအဆောက်အဦးလည်းမလုံလောက်ဘူးဖြစ်နေတယ်။ ဒါလည်းအခက်ခဲဖြစ်နေ တယ်။ ကျောင်းသုံးစာအုပ်တွေရော၊ နောက် မိုးတွင်းလည်းရောက်ပြီဆိုတော့ ကလေးတွေရဲ့ကျောင်းသွား ကျောင်းလာ ထီးတွေကအစပေါ့ အသေးအဖွဲကအစလိုတာ။  နဂိုရှိနေတဲ့သူတွေကော ဗမာအစိုးရကျောင်း ကနေပြောင်းလာတဲ့လူတွေကော ကျောင်းသားတွေက တအားတိုးလာတယ် ဆိုတော့ အခက်ခဲတွေ ကျောင်းကနေအစပေါ့ ကျောင်းဆရာလည်း လုပ်အားပေးကို အားကိုးနေတယ်။ ခေါ်နေတယ် အခု ၂၀ ကျော်လောက်တော့ ရောက်နေတယ်အခုလိုတာက ၃၀၊ ၄၀
လောက်လိုနေတာပေါ့”

ဒုက္ခသည်ကလေးများအတွက် ပညာရေးထိခိုက်နစ်နာမှုမဖြစ်စေရန် KIO ပညာရေးဌာနမှ တတ်နိုင်သမျှ စီစဉ်ပေးနေသော်လည်း လိုအပ်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်စခန်းတိုင်းမှ တက်ရောက်နိုင်ရန်အတွက် ထပ်မံတိုးချဲ့လိုက်သောလိုင်ဇာမြို့ အလဲန်ဘွမ် (Alen Bum) ကျောင်းသည် ယခုချိန် ကျောင်းဆောင် မပြီးစီးသေးခြင်းနှင့် ဆရာများ မလုံလောက်မှုကြောင့် အလယ်တန်းတက်မည့်သူများကို မသင်ပေးနိုင်သေးကြောင်း KIO ပညာရေးဌာနမှူးကြီး ဦးဆွမ်လွတ်ဂမ် (Sumlut Gam) KNG ကချင်သတင်းဌာနသို့ပြောသည်။

“ဒုက္ခသည်က ၅ တန်းအထက်အားလုံး အလဲန်ဘွမ်ကိုပြောင်းရမှာပါ။ ခေါ်တော့ခေါ်နေပါတယ်။ သူတို့ကို သယ်ယူပို့ဆောင်ရေးမှာ ခက်ခဲနေတယ်။ ဒီဘက်မှာလည်း အဆောင်က အဆင့်သင့်မဖြစ်သေးဘူး။ အဲဒီတော့ အခု ဇိုင်းအောင်စခန်း၊ မဂါးယန်၊ ဒွမ်ဘုန်ကရုန်၊ ဒဘူဘွမ်၊ ဂျေယန့်ခ အဲဒီ စခန်းတွေကနေ ၁၀၀၀ ကျော်ကြိုဖို့ရှိတယ်။ ဒါမဲ့ သိပ်ဝေးလံတဲ့ နေရာတွေကနေတော့ မခေါ်နိုင်တော့ဘူး။ အခုချိန် ဒုက္ခသည်စခန်းကျောင်းသားအားလုံးလည်း မစုံသေးဘူး။ ဆရာတွေလည်း မစုံသေးဘူး ဆိုတော့ ဒီလကုန်လောက်မှ အားလုံးကိုခေါ်နိုင်မယ်”

၎င်းဒုက္ခသည်စခန်းများမှ အလယ်တန်းတက်မည့် ကျောင်းဦးရေ ၂၀၀၀ ခန့်ရှိကြောင်းသိရသည်။

ဒုက္ခသည်ကျောင်းသားများအတွက် လိုင်ဇာမြို့တွင်နေရာအခက်ခဲနှင့် ထိန်းချုပ်မှုအခက်အခဲကြောင့် အလဲန်ဘွမ်တွင် တိုးချဲ့လိုက်ဖြစ်ရာ ယခုချိန်တွင် ထိုကျောင်းအတွက် အသေးအဖွဲမှအစလိုအပ်နေသည်ဟု အလဲန်ဘွမ် ကျောင်းအုပ်ဆရာကြီး ဦးခေါင်လွမ်းက KNG ကချင်သတင်းဌာနသို့ပြောသည်။

“အခက်အခဲဆိုတဲ့နေရာမှာ ကလေးတွေရဲ့အခက်အခဲ စာသင်ခန်းမှာလိုအပ်တဲ့ အခက်အခဲအများကြိီးရှိတယ်။ ကလေးတွေရဲ့အခက်အခဲက နဂိုကတည်းက IDP Camp မှာနေတယ်ဆိုတော့ မိဘတွေကလည်း IDP ဖြစ်နေတဲ့အခါကျတော့ စားဝတ်နေရေးအဆင်မပြေဘူး။ အဝတ်အစားတွေက အစပေါ့ ။ အခုဘော်ဒါဆောင် ရောက်တဲ့အခါမှာလည်း ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်မှ မရှိသလောက်ပဲ။ စာရေးကရိယာတွေ လည်း အများကြီးလိုအပ်တယ်။  စာသင်မယ်ဆိုလည်း ဒီနှစ်မှ စတင်ဖွင့်တဲ့ကျောင်းဖြစ်တဲ့အတွက်ကြောင့်စာသင်ခန်း သုံးပစ္စည်းတွေလည်း အများကြီးလိုအပ်ပါတယ်”

ယခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အလဲန်ဘွမ် အထက်တန်းကျောင်းသည်ဒုက္ခသည်ကျောင်းသားများ အတွက် သီးသန့်ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်ကြောင်း ၄င်းကပြောသည်။

“လိုင်ဇာမှာက မြို့ပေါ်မှာဆိုတော့ ကလေးတွေ စာဖတ်ရတာခက်ခဲတာနဲ့၊ ထိန်းချုပ်ရတာအခက်ခဲရှိလို့ ဒီနှစ်မှာကျတော့ ပိုပြီးတော့ ကလေးတွေများလာတဲ့အခါကျတော့ အခုဒီဘက်မှာ ဘော်ဒါမှာ တစုတစည်းဖြစ် အောင်လုပ်ခြင်းဖြစ်တယ်။ အလယ်တန်းအဆင့်မှာ မနှစ်တုန်းက Camp မှာထားထားတယ်။ ညမှာစာဖတ်ရတာ သိပ်ပြီး  အဆင်မပြေဘူး။ ကလေးတွေရဲ့ ပညာရေးတိုးမြှင့်ဖို့ အခုဒီမှာ ထပ်ဖွင့်တာဖြစ်တယ်”  ဟု ကျောင်းအုပ်ဆရာကြီး ဦးခေါင်လွမ်းကပြောသည်။

အဆိုပါကျောင်းသားများသည် အစိုးရနှင့် KIO တိုက်ပွဲဖြစ်ပွားလာသည့် ၂၀၁၁ ခုနှစ်မှစ၍ KIO ထိန်းချုပ်နယ်မြေ တွင် ဒုက္ခသည်အဖြစ်ခိုလှုံနေခြင်းဖြစ်ပြီး မိုင်ဂျာယန်နှင့် လိုင်ဇာတွင် ကျောင်းသားစုစုပေါင်း ၅၀၀၀ ကျော်ရှိကြောင်း KIO ပညာရေးကော်မတီမှ သိရသည်။

Most read this week