၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဆုံးဖြတ်

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဆုံးဖြတ်
by -
ဇော်ကြီး
မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန် လူထုအုံကြွမှုတရပ်ကို ဖော် ဆောင်ရမည်ဟု ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ က ပြောသည်။ ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီမျက်နှာစုံညီ အစည်းဝေး ...

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန် လူထုအုံကြွမှုတရပ်ကို ဖော် ဆောင်ရမည်ဟု ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ က ပြောသည်။

ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီမျက်နှာစုံညီ အစည်းဝေးကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့ထိ ထိုင်း၊ မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ပြီးနောက် ယခုလိုထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာအစိုးရ ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် လှုံ့ဆော်သွားမည်ဟု ပြန် လည် အရွေးချယ်ခံခဲ့ရသော ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“တကယ်လို့ မဲရုံကိုသွားတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့က အလိုအလျောက် နအဖရဲ့ ဥပဒေ ကိုရော၊ ရွေးကောက်ပွဲကိုရော ၃၀ ရာခိုင်နုန်းလောက်က အလိုလိုထောက်ခံနေပြီး သားပဲဖြစ်နေတယ်။ အဲလိုဖြစ်တဲ့အချိန်ကျတော့ အဲဒီဟာမျိုးတော့ ကျနော်တို့က မဖြစ်စေ ချင်ဘူး၊ ပြတ်ပြတ်သားသားနဲ့ပဲ ဥပဒေကိုရော ရွေးကောက်ပွဲကိုရော ကျနော်တို့ဆန့်ကျင် မယ်။ အဲတော့ ကန့်ကွက်မဲသွားပေးမဲ့အစား ဒါကျနော်တို့ ပြည်သူလူထုမှာ လူထုအုံကြွမှုတ ရပ်ကို ပြည်တွင်းမှာပေ့ါနော် ပေါ်ပေါက်အောင်လုပ်မယ် အဲဒီအစား လုပ်ရင်ပိုကောင်းတယ် လို့ ကျနော်တော့ အဲလိုပဲ မြင်ပါတယ်။”

ယခု ကျင်းပပြီးစီးခဲ့သည့် ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ မျက်နှာ စုံညီ အစည်းဝေးတွင် ယခင်က သဘောတူထားသည့်အတိုင်း ပအိုဝ်းလူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များပါ ပူးပေါင်းလာခဲ့ကြသည်၊၊

ပြည်တွင်း၊ ပြည်ပရှိ ပအို၀်းအမျိုးသားများ စည်းလုံးညီညွတ်မှုရရှိနိုင်ရေးအတွက်် နည်းလမ်း အမျိုးမျိုးအသုံးပြုပြီး ရည်မှန်းချက် သို့ရောက်အောင် အကောင်ထည်ဖော် ဆောင်ရွက်ရမည်ဟုလည်း ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“ကျနော်တို့ အထဲထဲမှာက နှစ်ပိုင်းရှိတယ်ခင်ဗျ၊ နှစ််ပိုင်းရှိတယ်ဆိုတာ ပထမ တပိုင်းကတော့ ဘယ်လို အခြေအနေ အောက်မှာပဲဖြစ်ဖြစ် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ဝင်မယ် ဆိုတဲ့အပိုင်းပါပဲ၊ နောက်ထပ် တပိုင်းကျတော့ မလွဲမရှောင်သာလို့ ပြောရရင်တော့ အဲဒီမှာ လွန်ဆန်လို့မရလို့ ဘယ်လိုမှ လုပ်လို့မရလို့ အဲလိုမျိုး မှိန်းပြီးတော့ လိုက်နေတဲ့ အနေအထား တစ်ခုလည်းရှိတယ်။ အဲလိုမျိုး ဖြစ်တဲ့အချိန်ကျတော့ ကျနော်တို့ကတော့ ရရင်ရသလို ကျနော်တို့ အဲဒီနည်းလမ်းသုံးပြီးတော့မှ ကျနော်တို့ အတူ တကွ လက်တွဲလုပ်သွားမယ်ဆိုတဲ့ သဘောပါပဲခင်ဗျ။”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့သည် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးသည့်အတွက် ၂၀၀၇ ခုနှစ် ဇွန်လတွင် အပစ်ရပ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)မှ ခွဲထွက်ခဲ့ပြီး ပအို၀်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ စစ်အစိုးရကို ဆက်လက် တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

Most read this week