စစ်တပ် ရိက္ခာ သယ်ယူရေးတွင် အရပ်သားများကို စေခိုင်း

စစ်တပ် ရိက္ခာ သယ်ယူရေးတွင် အရပ်သားများကို စေခိုင်း
ရခိုင်ပြည်နယ်မှ တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် နယ်စပ်ဒေသများသို့ တင်ပို့နေသော ဆန်နှင့် တခြား ရိက္ခာများ သယ်ယူရာတွင် သက်ဆိုင်ရာ စစ်တပ် တပ်ရင်းများက အရပ်သားများကို အတင်း အဓမ္မ ခေါ်ယူ စေခိုင်းနေသည်ဟု သိရ ...

ရခိုင်ပြည်နယ်မှ တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် နယ်စပ်ဒေသများသို့ တင်ပို့နေသော ဆန်နှင့် တခြား ရိက္ခာများ သယ်ယူရာတွင် သက်ဆိုင်ရာ စစ်တပ် တပ်ရင်းများက အရပ်သားများကို အတင်း အဓမ္မ ခေါ်ယူ စေခိုင်းနေသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ တဦးက “ ကျွန်တော်တို့ကို သရော်အိုင် ကျေးရွာကနေ တဆင့် အိန္ဒိယ မြန်မာ နယ်စပ် တလျောက်မှာ ရှိနေတဲ့ စစ်တပ် စခန်းတွေကို ဆန်တွေ သယ်ယူ ပို့ဆောင်နေရပါတယ်။ ကိုယ်စရိတ်နဲ့ကိုယ် သွားသယ် ပေးရတာပါ။ မသွားနိုင် မလာနိုင်ရင် ကန်ကျောက် ခံရတာတွေလည်း ရှိနေပါတယ်။” ဟု ပြောသည်။

နအဖ စစ်တပ်မှ အကြီးအကျယ် ဆန်များကို အိန္ဒိယ - မြန်မာ နယ်စပ် စခန်းများသို့ ပို့ဆောင် နေရာ ကုလားတန် မြစ်ကြောင်း အတိုင်း မတင်ပို့ နိုင်သော ရိက္ခာများကို အရပ်သားများကို အထမ်းသမား ပိုတာများ အဖြစ် အသုံးပြု စေခိုင်းနေခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ဒိုးချောင်းဝ ကျေးရွာက ရွာသား ၃၀ လောက်ကိုခေါ်သွားတာ ဒီကနေ့ထိ ပြန်မရောက်သေးပါဘူး။ ၅ ရက်လောက်တော့ ရှိနေပါပြီ။ တခြားကျေးရွာတွေကလည်း လူတွေကိုလည်း ခုလို ခေါ်ခိုင်းနေတယ်လို့ သိရပါတယ်။ အခုလို ခေါ်ခိုင်းနေတဲ့ တပ်ရင်းက ခမရ ၂၃၄ က ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

နအဖ စစ်အာပိုင်များအနေဖြင့် မြန််မာ အနောက်ဘက် နယ်စပ်တွင် စစ်တပ် တပ်ရင်း အများအပြား တိုးချဲ့ ချထားရာ သူတို့အတွက် လိုအပ်သော ရိ်က္ခာများကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ စက်လှေများဖြင့် ပလက်ဝ အနီးရှိ တောင်ပြိုအထိ တင်ပို့နေပြီး တောင်ပြိုမှ တဆင့် တခြားနေရာ ဒေသအသီးသီးသို့ အရပ်သားများကို ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးပြု သယ်ခိုင်းနေခြင်း ဖြစ်သည်။

စစ်တပ်ရိက္ခာအတွက် အရပ်သားများ ပေါ်တာ ဆွဲခံနေရသော ကျေးရွာများမှာ ဒိုးချောင်းဝ၊ စတင်ဝ၊ အုံးသီးဝ၊ သရော်အိုင်၊ ရင်ခံဝ၊ အလယ်ချောင်း၊ ကျွန်းချောင်းဝ၊ စစ်ပြင်ကျေးရွာ အပါအဝင် တခြား ကျေးရွာများ ဖြစ်သည်။

Most read this week