မြစ်ဆုံရေကာတာ အမြန်ဆုံး တည်ဆောက်နိုင်ရန် တရုတ်အစိုးရ CPI ကြိုးစား

မြစ်ဆုံရေကာတာ အမြန်ဆုံး တည်ဆောက်နိုင်ရန် တရုတ်အစိုးရ CPI ကြိုးစား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ် မေခ-မလိခပေါ်တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်း ကို ဆက်လက်တည်ဆောက်နိုင်ရန် တရုတ်အစိုး၏ လျှပ်စစ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း CPI မှ တန်ဖရဲ ဒေသခံများကိုလိုက်လံစည်းရုံးနေကြောင်း ဒေသခံများပြောသည်။

တရုတ်အစိုးရကုမ္ပဏီ CPI ၏ ဒုဥက္ကဌ ကိုယ်တိုင် လာရောက်ကာ စီမံကိန်းကြောင့်ပြောင်းရွှေ့ခံရသော ပြန်လည်နေရာချထားရေး အောင်မြင်သာရွာသစ်မှ နှစ်ခြင်းအသင်းတော် ကော်မတီဝင် ၈ ဦးကို  ဇွန်လ ၁၄ ရက်နေ့တွင် ခေါ်ဖိတ်တွေ့ဆုံကာ ရေကာတာဆက်လက်တည်ဆောက်နိုင်ရန် ၄င်းတို့၏ထောက်ခံမှုအရေးကြီး ကြောင်း ပြောဆိုခဲ့သည်ဟု အောင်မြင်သာရွာ ဥက္ကဌ ဦးလာရမ် ကပြောသည်။

“ရွာသားတွေကတော့ ခင်ဗျားတို့ အခုထိ ရေကာတာစီမံကိန်းဆောက်လုပ်ဖို့ မျှော်လင့်နေသေးလား ဆိုပြီးမေးတယ်။ CPI ဖက်က မျှော်လင့်နေတယ်လို့ဖြေတယ်။ အဲဒါနဲ့ ခင်ဗျားတို့ ဒီစီမံကိန်းကို လုပ်နိုင်ဦးမယ် လို့ယုံကြည်လား လို့ထပ်မေးတော့၊ CPI က ပြန်လုပ်နိုင်မယ် မလုပ်နိုင်ဘူးဆိုတာ ဒေသခံတွေ သဘောတူမှသာ ရေကာတာကို ပြန်စနိုင်မယ်လို့ ယုံကြည်ကြောင်းပြောတယ်။ လုံးဝသဘောမတူတဲ့အကြောင်း မူရင်းနေရပ်တို့ သာ ပြန်လိုတယ်လို့ အပြန်အလှန်မေးမြန်းပြောဆိုကြတယ်” ဟု အောင်မြင်သာဥက္ကဌ ဦးလာရမ်က KNG ကချင်သတင်းဌာန သို့ပြောသည်။

ပြီးခဲ့သည့်မေလတွင်လည်း CPI အဖွဲ့များသည် အောင်မြင်သာသို့လာရောက်ကာ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ခက်ခဲများကိုမေးမြန်းကာ ရေကာတာစီမံကိန်းပြန်စမည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံများ၏အမြင်ကို မေးမြန်းခဲ့သည်ဟု ဒေသခံများပြောသည်။

ထိုသို့ မြစ်ဆုံရေကာတာတည်ဆောက်ရေးကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားနိုင်ရန် တရုတ်အစိုးရကုမ္ပဏီ CPI သည် ဒေသခံများကို စည်းရုံးမှုအမျိုးမျိုးပြုလုပ်ကာ အဆိုပါအောင်မြင် သာ ပြောင်းရွှေ့စခန်းရှိ နှစ်ခြင်းအသင်းတော်ကော်မတီများကိုလည်း မြစ်ဆုံရေကာတာ တည်ဆောက်ရာနေရာသို့ ကြည့်ရှုလေ့လာပြီး စီမံကိန်းပြန်စနိုင် မည်ဟု ပြောဆိုမှုရှိခဲ့ကြောင်း စောင့်ကြည့်လေ့ လာနေသည့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG မှ ဒေါ်ဆိုင်းမိုင်ပြောသည်။

“သမ္မတကာလ ပြီးတဲ့အထိသူတို့စောင့်မယ်။ သမ္မတကာလပြီးတဲ့နောက်မှာ စိီမံကိန်းတွေပြန််စနိုင်ဖို့ နိုင်ငံတကာ standard တွေနဲ့ စံချိန်စံနှုန်းတွေ လုပ်ထုံးလုပ်နည်းတွေအရ ပြန်လုပ်သွားမယ်လို့ ပြောတယ်။ သူတို့အကြိမ်ကြိမ်ကြိုးစားပြီး ဒီလိုလုပ်ခြင်း ဟာ ဒေသခံတွေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဂရုမစိုက်တာ သမ္မတသိန်းစိန်မြစ်ဆုံရေတာကာ ဆိုင်းငံ့ထားတဲ့အပေါ် ဂရုမစိုက်အလေး မပြုတာ၊ ဒေသ ခံ  တွေ တောင်ယာ နယ်မြေတွေမှာ ပြန်လည်လုပ်ကိုင် စားသောက် နေထိုင်ခွင့်မပြုတာတွေ ဒီအရာ တွေကြည့်ခြင်းအားဖြင့် သမ္မတသိန်းစိန်ရဲ့ ရေကာတာ ရပ်တန့်ထားခြင်းဟာ အတုအယောင် ဆိုင်းငံ့ထား တာဖြစ်တယ်” ဟု ဒေါ်ဆိုင်းမိုင်က KNG ကချင်သတင်းဌာနသို့ပြောသည်။

၄င်းက မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်အစိုးရကုမ္ပဏီ CPI သည် မြန်မာ အစိုးရများနှင့်လည်း ညှိနှိုင်းနေသည်ဟုသိရှိရပြီး ထိုသို့ကြိုးပမ်းနေခြင်းပေါ် မြန်မာ တနိုင်ငံလုံးမှပြည်သူလူထု အားလုံးပါ၀င်ကာ လုံးဝရပ်ဆိုင်းရန် ဆက်လက်ကန့်ကွက်သင့်ကြောင်း KDNG အဖွဲ့ကပြောဆိုခဲ့သည်။

အဆိုပါမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းရန် ကချင်လူထုနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ အနုပညာရှင် အတတ်ပညာရှင်များက ကန့်ကွက်တောင်းဆိုမှုကြောင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၄င်း၏သက်တမ်းတွင် ရပ်ဆိုင်းထားသည်ဟု ပြောဆိုထားခြင်းဖြစ်သော်လည်း ယခု သမ္မတသက်တမ်း မကုန်ဆုံးမီကပင် တရုတ်အစိုးရဖက်က  စတင်လှုပ်ရှားလာခြင်းဖြစ်သည်။

Most read this week