KIO အလယ်တန်းနှင့် အထက် တန်းကျောင်းများ အတွက် အကူညီလိုအပ်

KIO အလယ်တန်းနှင့် အထက် တန်းကျောင်းများ အတွက် အကူညီလိုအပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်း သားများအတွက် ကျောင်းသုံးပစ္စည်းများ အကူအညီလိုအပ်နေကြောင်း ကျောင်းအုပ်ကြီးများထံမှ သိရသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့ရှိအထက်တန်းကျောင်းတွင် မူလတန်း အတွက် ငြိမ်းဖောင်ဒေရှင်း (Shalom)မှ အကူအညီရရှိနေသော်လည်း အလယ်တန်းနှင့် အထက်တန်းအတွက် ကျောင်းသုံးကိရိယာ လွယ်အိတ်၊ စာအုပ်(Text book) ခဲတံ၊ ဘောပင် ပစ္စည်းများ လိုအပ်နေခြင်းဖြစ်သည်။

မိုင်ဂျာယန်အထက်တန်းကျောင်းတွင် တက်ရောက်နေသော အလယ်တန်းနှင့် အထက်တန်းကျောင်းသား ပေါင်း ၁၄၁၃ ကျော် အခက်အခဲဖြစ်နေကြောင်း မိုင်ဂျာယန် ကျောင်းအုပ်ကြီး ဒေါ်ဒမန်လုဂျာ (Da Mang Lu Ja) ကပြောသည်။

“မူလတန်းအဆင့်ကိုတော့ ကူညီတာရှိတယ်၊ လွယ်အိတ်၊ စာအုပ်၊ ခဲတံ၊ ခဲဖျက်တွေပေါ့နော်၊ အလယ်တန်းနဲ့အထက်တန်းတွေကိုတော့ ဘယ်ကမှကူညီတာမရှိဘူး၊ အခုကိုင်နေတာတွေက ဟိုကနည်းနည်း ဒီကနည်းနည်း တောင်းယူတာ လောလောဆယ် ဖြေရှင်းဖို့ပေါ့နော်” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

မိုင်ဂျာယန်ကျောင်းတွင် မူလတန်း ၃၉၁၊ အလယ်တန်း ၉၃၃၊ အထက်တန်း ၄၈၀ ဦးရှိသည့်အနက် ၅၀၀ ကျော်မှာ နယ်ခံကလေးများဖြစ်ပြီး ၁၃၀၀ ကျော်မှာ ဒုက္ခသည်ကလေးများဖြစ်များကြောင်း သိရသည်။

ထို့နည်းတူ လိုင်ဇာမြို့အထက်တန်းကျောင်းရှိ ကျောင်းသားဦးရေ ၉၂၂ ဦး မှာလည်း အခက်အခဲရင်ဆိုင် နေရကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျာမိုင် (Ja Mai)ကပြောသည်။

“မူလတန်းပိုင်းကိုတော့ ငြိမ်းဖောင်ဒေးရှင်း စီစီအေ project ကနေညီပေးထားတယ်၊ သူတို့အတွက်တော့ အဆင်ပြေသလောက်ပဲ၊ အလယ်တန်းနဲ့အထက်တန်းကိုတော့ အခုထိ ကူညီပေးတာမရှိသေးဘူး၊ အဓိကတော့ စာရေးကိရိယာတွေခက်နေတယ်”

အထက်တန်းကျောင်းတက်ရောက်မည့် ကျောင်းသားများပိုမိုတိုးလာခြင်းကြောင့် စာသင်ကျောင်းဆောင် မလုံ လောက်သည့်အခက်အခဲများ ရင်ဆိုင်နေရပြီး စာသင်ကျောင်းဆောင်များ ထပ်မံတိုးချဲ့နေရကြောင်း သိရသည်။

ထပ်မံတိုးချဲ့ဖွင်လစ်လိုက်သော IDP အလဲန့်ဘွမ် (Alen Bum) ကျောင်းတွင်လည်း ကျောင်းဖွင့်နိုင်ရန်စီစဉ် နေရဆဲဖြစ်ကြောင်း အလဲန့်ဘွမ်ကျောင်းအုပ်ကြီး ဦးခေါင်လွမ်း KNG ကချင်သတင်းဌာနသို့ပြောသည်။

“နောက်ပတ်ကနေပြီး ၉ တန်းနဲ့ ၁၀ တန်းကို အရင်သင်သွားမယ်၊ ကျန်တာတွေကတော့ စာရင်းတော့ ရှိနေပြီ ဒီမှာနည်းနည်းပြင်ဆင်စရာတွေရှိသေးလို့ အဆင်သင့် မဖြစ်သေးလို့ မခေါ်ယူနိုင်တဲ့ အခြေအနေရှိတယ်။ အဲဒါပြီးရင် သူတို့ကို ခေါ်လိုက်မယ်၊ အခုဒီမှာက ဒုက္ခသည်ကလေးတွေကို စုပြီးလုပ်ပေးတယ်ဆိုတော့ စားပွဲ၊ ထိုင်ခုံ၊ ပြောမယ်ဆိုရင် လွယ်အိတ်တွေ အဝတ်အစားတွေ စောင်တွေ အားလုံးက အစကနေစတာမို့ ကျောင်းသားအဲလောက်ရဲ့ သုံးရမယ့်ပစ္စည်းတွေလိုနေတယ်။ လိုတာက အများကြီးပဲ”

အလဲန့်ဘွမ် (Alen Bum) ကျောင်းတွင် သင်ကြားပေးမည့် ဆရာ/ဆရာမ ၁၄၀ စီမံထားသော်လည်း မလုံလောက်သောကြောင့် ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် (KBC)၊ ရိုမန်ကက်သလစ် (RC)၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) စသည့် အသင်းတော်များထံမှ အကူအညီတောင်းခဲ့ရာ ရ၀ ကျော် ရရှိခဲ့ကြောင်း KIO ပညာရေးဌာနမှ ဒု-အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ခွန်နောင် (Salang Kaba Hkun Nawng) ပြောသည်။

“သူတို့ကို အချိန်တိုသင်တန်းပေးနေတယ်၊ KIO ရဲ့ပညာရေးပေါ်လစီတွေကိုပြောပြတာပေါ့၊ ဘာကြောင့်လဲဆိုတော့ မြို့ကြီးတွေက လာတဲ့တချို့ မသိသေးဘူးလေနော်။ သင်တန်းက ဒီနေ့ပြီးပြီ”

၎င်းတွင် တက်ရောက်မည့် ကျောင်းသူကျောင်းသား ၁၇၀၀ ကျော်ရှိပြီး ရ၀၀ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျောင်းသူကျောင်းသားများသည် ဘော်ဒါဆောင်အဖြစ်နေရမည်ဖြစ်ပြီး ၎င်းတို့၏ ကျောင်းစရိတ်နှင့် အစားအသောက်အတွက် KIO မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း ဆလန်ကဘား ခွန်နောင်ကပြောသည်။

ထို KIO နယ်မြေများတွင်ရှိသော ကျောင်းများတွင် KIO မှဖွင့်လှစ်၍ ကြည့်ရှုပေးနေခြင်းဖြစ်ပြီး အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများနှင့် စေတနာရှင်များကူညီပေးနေခြင်းဖြစ်ရာ ယခုချိန်တွင် အထက်တန်းကျောင်းများအတွက် ထပ်မံ အကူအညီလိုအပ်နေခြင်းဖြစ်သည်။

Most read this week