ကြက်သားထမင်း ကြောင့်အစာအဆိပ်တက် လူ ၁၅၀ ခန့် ဆေးရုံရောက်

ကြက်သားထမင်း ကြောင့်အစာအဆိပ်တက် လူ ၁၅၀ ခန့် ဆေးရုံရောက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက် ခရစ်ယာန် အိမ်ထောင်ဝတ်ပြုဆုတောင်းပွဲတခု၌ ဧည့်ခံကျွေးမွေးသော ကြက်သားထမင်းနှယ် (ကချင်ဒံပေါက် Shat Jam) ထမင်းကြောင့် ဆုတောင်းပွဲ တွင်စားသုံးသူ လူ ၁၅၀ ခန့် အစာအဆိပ်သင့်ကာ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး သို့ရောက်ရှိသွားခဲ့သည်။

 ဂျန်မိုင်ကောင်း ရပ်ကွက်(၃)တွင် နေထိုင်သူ ဦး လဘန်တန်မိသားစုမှ သမီးဖြစ်သူ ဆယ်တန်း ဂုဏ်ထူး ၁ ဘာသာအောင်၍  ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲကို ဇွန်လ ၁၆ ရက်နေ့က ပြုလုပ်ရာ မြစ်ကြီးနားစျေးကြီးမှ ၀ယ်ယူသော မွေးမြူရေးကြက်သားနှင့် ထမင်းနှယ် (ကချင်ဒံပေါက်) ကိုဧည့်ခံကျွေးမွေးရာ စားသုံးသူများသည် မူးဝေ၊ အော့အန်ခြင်း၊ ၀မ်းလျှောခြင်းများ ဖြစ်ပွားခဲ့ကြောင်း အိမ်ရှင်နှင့်နီးစပ်သူ ဆရာတဦး ပြောသည်။

မြစ်ကြီနားဆေးရုံကြီးတွင် ဆေးကုသခံယူနေတဲ့ ဒေါ် ဆွမ်လွတ်ထု။

“အသင့်အမွေးနှုတ်ပြီးသား မွေးမြူရေးကြက်သားကို စျေးကြီးထဲကဝယ်တာပါ ၊အဲဒီကြက်သားနဲ့ ထမင်းထုတ် လုပ်ပြီး၊ ဆုတောင်းပွဲလာတဲ့ ဧည့်သည်တွေကိုကျွေးမွေးတယ်၊ ကြက်သား ထမင်းထုတ်စားတဲ့ သူတွေအားလုံး မအီမသာနဲ့ဖျားလာတယ်၊ ကြက်သားမထည့်ဘဲနဲ့ နောက်ထပ်စမ်းပြီး စားကြည့်တော့ ဘာမှလည်း အဖြစ်ဘူး၊ မွေးမြူရေးကြက်ကြောင့် ဖြစ်တယ်လို့ဘဲထင်တယ်”

အဆိုပါ ကြက်သားထမင်းထုပ်စားပြီးနောက် သိသိသာသာမခံမရပ်နိုင် တုံ့ပြန်လာခြင်းဖြစ်သည်ဟုလည်း ကိုယ်တိုင် ဆေးကုသခံယူနေသော ဒေါ်ဆွမ်လွတ်တောင်က ကချင်သတင်းဌာနသို့ပြောသည်။

“ကျမက အိမ်ရောက်မှစားတာ စားပြီးတာနဲ့ ခေါင်းအရမ်း မူးလာပြီး အန်တာ ပါးစပ်တောင် မဆန့်အောင် အန်တယ်၊ ၀မ်းလျှောတာနဲ့  အန်တာနဲ့ဖြစ်နေတော့ ကျမသား ပြန်လာပြီး ‘အမေရယ် ဒီညဒံပေါက်စားတဲ့ သူတွေအားလုံးဖျားနေတာတဲ့ အားလုံးဆေးရုံရောက်ကုန်ပြီ  ဆေးရုံအမြန်သွားရအောင်’ဆိုပြီး ဆေးရုံသွား တယ်၊ ဆေးရုံရောက်တော့ လူတွေအများကြီး ရောက်နှင့်နေလို့ ကျမလည်းအရမ်းအံ့သြသွားတယ်၊ ကုတင်တောင်မဆန့်ဘူး ကုတင်တစ်ခုမှာ လူ ၅ ရောက်လောက်ထားတာ တချို့တော့ ဆေးထိုးပြီး ပြန်သွားကြတယ်”

ထမင်းထုပ်စား၍ အစာအဆိပ်သင့်ဖျားနာသူများတွင် ကလေးအများစုဖြစ်ရာ  ကလေး (၉၃)ဦး နှင့် လူကြီး( ၃၇) ဦး ဖြစ်ကြောင်း၊တချို့မှာ  မြစ်ကြီးနားဆေးရုံတွင်  ဆက်လက်ဆေးကုသမှုခံယူနေသေးကြောင်း   မြစ်ကြီးနားဆေးရုံမှ ၀န်ထမ်းများကပြောပါသည်။

လူနာများကို ဆေးကုသမှုတာဝန်ကျ သူနာပြု(အပြာဝတ်) ဆရာမ ခေါန်နန်က “သူတို့မစားဖူးတဲ့ အစားစာ တခုခုစားမိလို့ အစာအဆိပ်တက် ( Food poison) ဖြစ်တာဟုတ်တယ်၊ ကိုယ်ခန္ဓာက အရည်တွေ အရမ်းထွက်သွားလို့ တချို့မေ့သွားတယ် အရမ်းတော့ မစိုးရိမ်ရဘူး”  ဟု KNG ကချင်သတင်းဌာနသို့ပြော သည်။

ဆုတောင်းပွဲတွင်ကျွေးမွေးသည့် ကြက်သားကို မြစ်ကြီးနားစျေးကြီး  ကြက်သားအရောင်းဆိုင်မှ ၀ယ်ယူခဲ့သည်ဖြစ်ရာ ထိုအဖြစ်အပျက်မျိုး ယခင်က အိမ်ထောင်အစည်းအဝေးများတွင် မဖြစ်ဖူးခဲ့ကြောင်း၊ ယခုမှာ  ပထမဆုံးအကြိမ် ဖြစ်သဖြင့် စိုးရိမ်ကြောက်လန့်ခဲ့ကြောင်း  ချက်ပြုတ်သည့်အဖွဲ့နှင့်နီးစပ်သူ အမျိုးသမီးတဦးကပြောသည်။

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ မြစ်ကြီးနားရဲစခန်းမှ တာဝန်ရှိသူများက ၀တ်ပြုဆုတောင်းသော အိမ်တွင် လာရောက်စစ်ဆေး မှုများပြုလုပ်ခဲ့သော်လည်း အရေးယူခြင်းမပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ယခုချိန် ကြက်သားရောင်းသူများနှင့် ကြက်မွေးမြူသူများကို ရဲစခန်းတာဝန်ရှိသူများက လိုက်လံ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

Most read this week