ကုလအဖွဲ့ မှ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒုက္ခသည်စခန်းသို့ ပထမအကြိမ် ကူညီခွင့်ရ

ကုလအဖွဲ့ မှ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒုက္ခသည်စခန်းသို့ ပထမအကြိမ် ကူညီခွင့်ရ
by -
ကချင်သတင်းဌာန

ကမ္ဘာ့ကုလသမဂ္ဂ ကူညီရေးအဖွဲ့ UN မှ ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ရှိ ပါကထောင် ဒုက္ခသည်စခန်းတွင်် ပထမကြိမ် လာရောက်ကူညီပေးခဲ့သည်။

ကုလသမဂ္ဂအဖွဲ့များမှ ပါကထောင် စစ်ပြေးဒုက္ခသည်စခန်းတွင် ဇွန်လ ၁၄ ရက်နေ့ ကား ၁၁ စီးဖြင့်ရောက်ရှိ လာပြီး  ဆန် တန်ချိန် ၆၅ ကျော်အပါအဝင် အခြားအစားအသောက်၊ အသုံးအဆောင်ပစ္စည်းမျာနှင့် ဆေးဝါးများ  တစ်လစာအတွက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၎င်းဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဇော်ဘောက်က ပြောသည်။

un-aid-near-mai-ja-yang-jun14

“၁၄ ရက်နဲ့ ၁၅ ရက်မှာ လာပေးတာဟုတ်တယ်။ ပစ္စည်းတွေတင်တဲ့ ကားက ရ စီး လူတွေစီးတာက ၄ စီးနဲ့ရောက်လာတာဟုတ်တယ်။ ဆန်၊ ဆား၊ ဆီ၊ ပဲ၊ ခြင်ထောင်နဲ့ စောင်ကတော့ ၂၀၀ ကျော်လောက်ပဲ။ ပြီးတော့ ဆေးဝါးတွေ။ ရေသန့်ဆေးတွေလဲ ပါတယ်။ သူတို့ မနေ့က ပြန်သွားပြီ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

၎င်းတို့အဖွဲ့သည် UNOCHA မှ နိုင်ငံခြားသား နှစ်ဦး ဦးဆောင်ကာ အဖွဲ့ဝင်များ ၁၅ ဦးဖြင့်ရောက်ရှိလာခြင်း ဖြစ်ပြီး နောက်တွင်လည်း  အခွင့်အရေးရှိပါက ဆက်လက်ကြိုးစားကူညီသွားမည်ဟု ပြောဆိုခဲ့ကြောင်း ဆလန်ကဘား ဇော်ဘောက် ကပြောသည်။

ယခုလာရောက်ကူညီပေးသော ကုလသမဂ္ဂ အကူအညီအဖွဲ့များကို မြန်မာအစိုးရမှ တရားဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး ယခုလိုအစိုးရ၏ တရားဝင်ခွင့်ပြုလိုက်ခြင်းသည် မြစ်ကြီးနား တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်ဖြစ်မည်ဟု မြင်ရကြောင်း KIO  ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆာ က ပြောသည်။

“အဲဒါကို အခုတလော မြစ်ကြီးနားဆွေးနွေးပွဲတုန်းက ဦးအောင်မင်း အဖွဲ့တွေနဲ့ UN ကိုယ်စားလှယ်တို့ မြစ်ကြီးနား၊ ၀ိုင်းမော် ဒုက္ခသည်စခန်းတွေမှာ သွားကြည့်တယ်။ ပြီးတော့ ကျနော်တို့အဖွဲ့နဲ့လဲ သွားကြည့်ဆိုတော့ အဲဒါကသူတို့ မှီသဘောက်ပေါ့လေနော်။ မမှီတဲ့ ဒီတရုတ်နယ်စစ်တွေမှာတော့ မရောက်ရင်လဲ သူတို့သိတယ်လေ။ ဟိုမှာတော့ ပုံမှန်ကူညီနေတယ်ဆိုတော့။ UN အနေနဲ့လဲ ဒီဘက်မှာလဲ ကူညီပေးရမယ်ဆိုပြီး ဖိအားပေး ပြောပြီးတော့ ဖြစ်လာတာဖြစ်မယ်လို့ မြင်တယ်”

ထိုကုလသမဂ္ဂအဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလတွင်လည်း တစ်ကြိမ်လာရောက် ကူညီပေးရန် ကြိုးစားခဲ့ သော်လည်း နိုင်ငံခြားသား တစ်ဦးပါသောကြောင့် လုံခြံုရေး တာဝန်မယူပေးနိုင်ဟု ပြောဆိုကာ အစိုးရမှ ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအကူညီပေးရေးအဖွဲ့သည် ယခုတစ်ကြိမ်တွင် မိုင်ဂျာယန်မြို့ရှိ ပါကထောင်ဒုက္ခသည်စခန်း တစ်ခုအတွက်သာ လာရောက် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပါကထောင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၅၀၃ လူဦးရေ ၃၃၂၀ ရှိကြောင်း သိရသည်။

Most read this week