စစ်ပွဲ ၂ နှစ်တာကာလ ကချင်ဒုက္ခသည် ကလေး ၄၀,၀၀၀ ကျော် ပညာရေး ထိခိုက်ဆုံးရှုံး

စစ်ပွဲ ၂ နှစ်တာကာလ ကချင်ဒုက္ခသည် ကလေး ၄၀,၀၀၀ ကျော် ပညာရေး ထိခိုက်ဆုံးရှုံး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား တကျော့ပြန်လည်ဖြစ်ပွားနေ သော စစ်ပွဲကြောင့် နယ်ရပ်စွန့်ခွာထွက်ပြေးလာသောဒုက္ခသည်များအတွက် ကြာရှည်ဒုက္ခသည်အဖြစ်ရှင်သန် နေရမည်ဆိုပါက ကလေး ၄၀,၀၀၀ ကျော်၏ ပညာရေးအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်းကချင်လူမှု အဖွဲ့အစည်းများကဆိုသည်။

ဒုက္ခသည် ကလေးများ၏ ပညာရေးသည် ၂ နှစ်တာကာလအတွင်း ပညာသင်ယူမှုအခွင့်အရေးနည်းပါးပြီး ထောက်ပ့ံမှုလိုအပ်ချက်များရှိနေခြင်းကြောင့် အဆိုပါကလေးများ၏ ဘဝအနာဂတ်အတွက်ဝိုင်းဝန်း၍ စဉ်းစားသင့်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် (KPN)မှ Coordinator ဒေါ်ခေါန်ဂျာပြောသည်။

“ဒုက္ခသည်တွေဟာ အိုးပစ်အိမ်ပစ် မျှော်လင့်ချက်မဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် အရေးကြီးတာက အဲဒီမှာ ကလေးပေါင်း ၄ သောင်းကျော်ဟာ ပညာရေး လုံးဝပျက်စီးသွား သလိုဖြစ်ပါတယ်။ စခန်း မှာ ကျောင်းမရှိဘူးလားဆို ရှိပါတယ် ။ဒါပေမယ့် ကလေးတယောက် အမှန်တကယ် သင်ကြားခံယူနိုင်ဖို့ဆိုရင်တော့သူ့အတွက် Good Learning Environment ပေါ့။ အမှန်တကယ်ပဲကောင်း မွန်စွာ သင်ယူနိုင်မယ့် ပတ်ဝန်းကျင်ကိုဖန်တီးပေးရမှာဖြစ်တယ်။ အဲဒီမှာ မိဘအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင် ဆရာ၊ ဆရာမနဲ့ ပစ္စည်းကိရိယာ အားလုံးလိုအပ်တယ်။ အဲဒါတွေလုံးဝမရှိတဲ့အခြေအနေမှာ camp ထဲ မှာဖမ်းထည့်ထားပြီးမှ ဒီကလေးတွေကို အလွတ်ကျက်ပြီး ရွတ်ဖတ်ခိုင်းထားတာဟာ ပညာရေးမဟုတ်ပါဘူး ။ ပိုပိုဆိုးဝါးတဲ့ပညာရေးတခုကိုဖန်တီးလိုက်သလိုပဲဖြစ်လာပါတယ်”

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများတွင် အစိုးရအုပ်ချုပ်နယ်မြေတွင်ခိုလုံ လာသောကလေးများ အတွက် ပညာရေးသင်ယူခွင့် အခွင့်အရေးများအချို့ရရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေနယ်စပ်ဒေသများတွင် ခိုလုံနေသော ဒုက္ခသည်ကလေးများအတွက်မူ ပညာရေးအတွက်အရာရာ အခက်ခဲပြဿနာရင်ဆိုင်နေရကြောင်း နယ်စပ်ဒုက္ခသည်စခန်းများမှသိရသည်။

ယခုချိန် ဒုက္ခသည်ဖြစ်နေသော ကချင်လူမျိုးကလေးအရေအတွက်၏ ၁၀ ရာခိုင်နှုန်းသည်ပညာရေးနှင့်ဖွံ့ဖြိုး ရေးပိုင်းဆိုင်ရာတွင် နစ်နာနေခြင်းဖြစ်သည်ဟု  ဒေါ်ခေါန်ဂျာက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ဒီကလေးတွေရဲ့အနာဂတ်က အခုလောလောဆယ် ၂ နှစ်ဆုံးရှုံးပြီဖြစ်ပါတယ်။ နောက်ထပ် ၁နှစ်သာထပ်ပြီး ဆုံးရှုံးမယ်ဆိုလို့ရှိရင် ဒီကလေးတွေ စာသင်တန်းကိုပြန်ရောက်ဖို့မလွယ်ကူတော့ဘူး အဲဒါသူတို့ရဲ့တစ်သက် လုံး ကျောင်းနဲ့ဝေးသွားတာလည်းဖြစ်နိုင်တယ်။ ပြီးလို့ရှိရင် ဒီလိုကျောင်းနဲ့ဝေး သွားမယ်ဆိုလို့ရှိရင် ဒီကလေးတွေဘယ်လိုအတန်းအစားမျိုးဖြစ်လာမှလဲ ပြီးရင် လောလောဆယ် အခြေအနေအရကိုကြည့်မယ်ဆို လို့ရှိရင် အဟာရကလည်း သာမန်ကလေးတွေရသလို လုံလောက်ဖိုလှုံမှုမရှိဘူး။ အဟာရကလည်း ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ အမြော်အမြင်ကောင်းမှုပေါ်မှာ အများကြီး အကျိုးသက်ရောက်တဲ့အတွက်ကြောင့်မို့လို့ဒီကလေး တွေက အကယ်၍ ကြီးလာလို့ရှိရင် အလုပ်ကြမ်းလုပ်မယ်ဆိုရင်တောင် လုပ်ခွင့်ရပါအုံးမလားလို့ ရှူနာရှိုက်ကုန်းများဖြစ်နေမလားလို့”

KIO မှ ဒုက္ခသည်ကလေးများနှင့် ၄င်းတို့နယ်မြေတွင် ခိုလုံနေသောကလေးများအတွက် ကျောင်းများကိုဖွင့် လှစ်ထားပြီး စခန်းများတွင်လည်း တတ်နိုင်သမျှစီစဉ်ပေးနေသော်လည်း ကျောင်းသုံးပစ္စည်းကိရိယာ ထိုင်ခုံမှအစ ပုံနှိပ်စာအုပ်များအားလုံး လုံလောက်မှုမရှိသည့် အခက်ခဲရင်ဆိုင်နေရခြင်းဖြစ်ကြောင်းသိရသည်။

တဖက်တွင်လည်း KIO ကျောင်းမှ အစိုးရကျောင်းသို့ဆက်လက်သင်ယူရန် တက်ရောက်ခွင့်ငြင်းပယ်ခံ ရသောကြောင့် ကလေးများပညာရေးအခြေအနေပို၍ဆိုးဝါးလာကာ ၄င်းသည် နိုင်ငံတခု၏အနာဂတ် အတွက်လည်းစိုးရိမ်ပူပန်စရာဖြစ်လာသည်ဟု ဒုက္ခသည်များကိုကူညီစောင့်ရှောက်ရေးအဖွဲ့မှ မိုင်ဂျာယန်ရှိ ဒေါ်မေလီအောင်ကပြောသည်။

“ကျောင်းကတော့ ၂ မျိုးရှိတယ်။ စခန်းထဲကကျောင်းနဲ့ KIO ကဖွင့်ထားတဲ့ကျောင်းရှိတယ် ။ ဒါမဲ့ အဲဒီက ၁၀ တန်းအောင်တဲ့ကလေးအတွက် သူတို့ဘယ်သွားမလဲပေါ့ ။သူတို့အတွက် ဘယ်လိုစီစဉ်မလဲပေါ့ ။ စိတ်ပူစရာဖြစ်တယ်။  သူတို့အတွက်ရှေ့ရေးဘယ်လိုလုပ်မလဲ KIO ဖက်ကတော့ ဆရာအတတ်သင်တွေ၊ English Internship ကျောင်းတွေရှိတယ်။ နောက်ထပ် လက်မှုပညာတွေ သင်ပေးဖို့တော့ရှိတယ် ။ ဒါပေမယ့် တက္ကသိုလ်ပညာသင်ချင်တဲ့ကလေးတွေအတွက် ကျမတို့ဘယ်လုပ်ကြမလဲ? ကျမတို့နိုင်ငံမှာဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတခုဖြစ်လာဖို့အတွက် ဒီကလေးတွေက ကျမတို့အနာဂတ်ပဲ။ ကလေးတွေရဲ့ပညာဟာ ကျမတို့နိုင်ငံမှာ နှစ်ပေါင်းများစွာအကန့်အသတ်သေချာလုပ်ထားခံခဲ့ရတာ။ အခုဒီဟာလည်း ဒီလို စစ်ပွဲ ပဋိပက္ခတွေကြောင့်မို့လို့ ပညာရေးမှာသင်ယူခွင့်မရှိဘူးဆိုရင် ကျမတို့တွေရဲ့အနာဂတ်ကိုဆုံးရှုံးလိုက်သလိုပဲ”

ထိုသို့ဖြင့် တိုက်ပွဲများမည်သည့်ချိန်ထိဆက်လက်ဖြစ်ပွားမည်မသိသောအခြေအနေတွင် ဒုက္ခသည်အဖြစ် စခန်းတွင် ယခုကဲ့သို့နှစ်ရှည်နေထိုင်မည်ဆိုလျင်လည်း ၄င်းတို့၏ နေထိုင်ရေးမှာ လှုမှုအခြေအနေများ တဖြည်းဖြည်းဆုတ်ယုတ်ကာ ဆိုးဝါးလာနိုင်သည်ဟု ဆက်ဆိုသည်။

“ဒီထက်ပိုပြီးကြာမယ်ဆိုရင်တော့ စိုးရိမ်စရာပဲ။ သူတို့နေတဲ့နေရာကလည်း အခန်းတခန်းပဲရှိတယ်။ အဲဒီအခန်းတခန်းမှာက အိပ်တဲ့အခန်းမှာ မိသားစုက အဘိုးကြီးလည်းရှိမယ်အ ဖွားကြီးလည်းရှိမယ်။ ပြီးတော့ ယေက္ခမ အဘိုးအဖွားပေါ့နော်။ ပြီးလို့ရှိရင်လင်မယားကောရှိမယ်  သားသမီးမောင်နှမလည်းရှိမယ် အဲလိုစုပါင်းနေတဲ့အနေအထားမှာ ဒီလိုမျိုးကြပ်ကြပ်သိပ်သိပ်နေလာရတဲ့အခါကျတော့ နောက်ပိုင်းမှာ Social Problem လူမှုရေးပြဿာတွေလည်း အများကြီးဖြစ်လာတယ်။ ကလေးတွေမှာလည်းဖြစ်လာတယ် လူကြီးတွေမှာလည်းဖြစ်လာတယ်”

စခန်းတွင်နေထိုင်စားသောက်ရန် ငွေရေးကြေးရေးလိုအပ်သောကြောင့် ၀င်ငွေရရှိရေး စခန်းအပြင်သို့ထွက် ကာ အလုပ်ရှာဖွေနေရချိန်တွင်လည်း စခန်းအတွင်းကျန်နေသောသားသမီးများအတွက် လုံခြုံရေးနှင့် ပညာရေးလစ်ဟာမှုများရှိလာပြီး ထိုကဲ့သို့အပြင်သို့ထွက်အလုပ်လုပ်သော အမျိုးသမီးများတွင်လည်း လိမ်ညာရောင်းစားခြင်းပြဿနာများရင်ဆိုင်နေရကြောင်း ဒေါ်မေလီအောင်ကပြောသည်။

ဒုက္ခသည်များ ဘဝအတွက် ရှေ့ဆက်ရမည့်အခြေအနေများအတွက် ဆုံးဖြတ်ချက်ချနေထိုင်သွားရန်မှာလည်း မပြီးပြတ်သေးသည့် အစိုးရတပ်နှင့် KIO ၏ အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးမှုရလဒ်အပေါ်တွင် မူတည်နေခြင်း ကြောင့် အခက်ခဲဖြစ်နေသည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခေါန်ဂျာကပြောပါသည်။

“စစ်ဖြစ်နေတဲ့အချိန် စစ်ကဘယ်တော့မှမပြီးနိုင်သေးဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဖက်ကနေ ရ ချက်ဆိုတဲ့ agreement ကိုထိုးထားပေမယ့် အရမ်းကိုယျေဘုယျ ကျနေတာဖြစ်တယ်ပေါ့။ လမ်းကြောင်း မှန်ကိုတော့ ရောက်နေပြီလို့ အရင်ကလိုအပစ်ခတ်ရပ်စဲရေးကို ဒီတိုင်းရမ်းပြီးထိုးလိုက်တာမျိုးမဟုတ်ပဲနဲ့ သေချာစဉ်းစားပြီးမှ နိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး ပြောထား ကတိထားတဲ့အတွက်ကြောင့်မို့ လို့ဝမ်းသာပါ တယ်ပေါ့ ။ သို့သော်လည်းပဲနောက်တချက်က နိုင်ငံရေးဆွေးနွေးမယ်ဆိုတာ ဘယ်နေ့ဘယ်ချိန်မှာ စပြီးဆွေးနွေးမယ်ဆိုတာ မပါတဲ့အတွက်ကြောင့် ဘယ်လိုပုံစံနဲ့ဆွေးနွေးမယ်ဆိုတာ မပါတဲ့အတွက်ကြောင့် အဲဒီမှာကျမတို့ စိတ်ထဲမှာမတင်မကျနဲ့ဖြစ်ပါတယ်။ အဲတော့အကယ်၍ နှစ် ၂၀ လည်းဖြစ်နိုင်တယ် မနက်ဖြန်လည်း သန်ဘက်ခါလည်းဖြစ်နိုင်တယ်ဆိုတဲ့အခါမျိုးက ဘယ်လိုပုံစံလုပ်ကြမလဲပေါ့ အဲဒါကျမတို့အင်မတန်မှစိုးရိမ်ပါတယ်”

နိုင်ငံတကာမှ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေးအတွက် ထောက်ပံ့ကူညီမှုများကို နိုင်ငံတော်အစိုးရအနေဖြင့် ဒုက္ခသည်များအတွက် ပံ့ပိုးကူညီမှုကို အားစိုက်၍ အခွင့်ပေးကာ ပူးပေါင်းပါ၀င်ရန်တာဝန်ရှိသောကြောင့် မဖြစ်မနေအလုပ်နှင့်သက်သေပြရန် အမြန်ဆုံးဆောင်ရွက်ရသင့်ပြီဖြစ်ကြောင်း ကချင်သတင်းဌာနသို့ပြောဆို ခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်ပြန်လည်ဖြစ်ပွားမှုသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင်  ၂ နှစ်ပြည့်ခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များလည်း ၁ သိန်းကျော် ရှိကာ ၄င်းတို့အတွက် နိုင်ငံတကာ၏ကူညီထောက်ပံ့မှုကို လုံလောက်စွာ မရရှိခြင်းနှင့် အစိုးရ၏ဟန့်တားမှုများကြောင့် ပညာရေးနှင့် စားဝတ်နေရေးအတွက် အခက်ခဲပိုမိုရင်ဆိုင် နေရခြင်းဖြစ်သည်ဟုလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဆရာဂျော်ဂွန်းကလည်းပြောသည်။

စစ်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင်ဇွန် ၉ ရက်နေ့ကလည်း အသက်အိုးအိမ်ဆုံးရှုံးကာ ဒုက္ခသည်ခံစားနေရတဲ့ပြည်သူများကိုမေတ္တာပို့ကာ ပဋိပက္ခအတွင်းသေဆုံးသူများအတွက် လွမ်းသူ့ပန်း ခွေတွေချပေးခဲ့ကြပြီး ကချင်ပြည် ငြိမ်းချမ်းရေးအတွက် လိုလားသော လူမှုအဖွဲ့အစည်း ၂၈ ဖွဲ့ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နှင့် ဒုက္ခသည်များကိစ္စတွင် နိုင်ငံတကာမှ ပွင့်လင်းမြင်သာစွာပါ၀င်ပေးရန် အချက် ၈ ချက်ဖြင့် အသီးသီးတိုက်တွန်းကာတောင်းဆိုခဲ့ကြသည်။

Most read this week