သမ္မတ သက်တမ်းအကုန် မြစ်ဆုံပြန်စရန် တရုတ်ကြိုးပမ်းနေ

သမ္မတ သက်တမ်းအကုန် မြစ်ဆုံပြန်စရန် တရုတ်ကြိုးပမ်းနေ
by -
ကချင်သတင်းဌာန

ဧပြီ ၂၄ ရက်နေ့က CPI မှ ငှားရမ်းတဲ့ ပီကင်းရုန်ဇီအဖွဲ့ ကိုယ်စားလှယ်များ မြစ်ဆုံရေကာတာ ရွှေ့ပြောင်း ရွာသား ၄ ဦးနဲ့ တွေ့ဆုံခဲ့တယ်။

beijing-rongzhi-corporate-social-responsibility

နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်  သက်တမ်းတလျှောက် ရပ်ဆိုင်းထားမည်ဟုဆိုသော ကချင်ပြည်နယ် မြစ်ကြီးနား မြို့ မေခ-မလိခ မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကို တရုတ်အစိုးရဖက်မှ  သမ္မတသက်တမ်းမကုန်ဆုံးသေးခင်ကပင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း ဒေသခံနှင့် ကချင်လူမှုအဖွဲ့အစည်းများက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကိုတာဝန်ယူဆောင်ရွက်နေသော တရုတ်အစိုးရကုမ္ပဏီ လျှပ်စစ်စွမ်းအင်ရင်းနှီး မြုပ်နှံမှုကော်ပိုရေးရှင်း CPI နှင့် တရုတ်အန်ဂျီအိုအဖွဲ့အစည်းများက ဧပြီလဆန်းပိုင်းကတည်းက မြစ်ဆုံဒေသ တန်ဖရဲကျေးရွာဒေသခံများနှင့် ပြောင်းရွှေ့ခံ ဒေသခံများထံသို့  သိသိသာသာပြန်လည်စည်းရုံးလာခြင်းဖြစ် သည်ဟု တန်ဖရဲဒေသခံများပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းအားတရုတ်ပြန်လည်ကြိုးပမ်းမှုနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာနေသော ကချင်လူမှုဖွ့ံဖြိုးရေးကွန်ယက် KDNG အတွင်းရေးမှူး စာဂျီအားတွေ့ဆုံမေးမြန်းခဲ့ရာ ၄င်းက “မြစ်ဆုံရေကာ တာစီမံကိန်းကို ဆက်လက်တည်ဆောက်နိုင်ရေးကိုသာ ဦးတည်နေသော တရုတ်အစိုးရသည်အမြန်ဆုံးပြန် လည် အကောင်ထည်ဖော်ရန် ကြိုးစားနေသည်” ဟု  KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျွန်တော်တစ်ယောက်အမြင်နဲ့ အဖွဲ့အစည်းရဲ့အမြင်ကတော့ ဒီကိစ္စက တကယ်ပဲ အခုတောင်မှ သမ္မတသက်တမ်း မကုန်ခင်ကတည်းက လှုပ်ရှားနေတာကိုတွေ့မြင်ရတယ်။ သမ္မတသိန်းစိန်ကတော့ သူ့လက်ထက်မှာ ရပ်ဆိုင်းလိုက်တယ်လို့ပြောထားပေမယ့် တကယ်ရပ်သွားတဲ့ဟာမျိုး မဟုတ်ဘူးဖြစ်နေ တယ်။ သူ့သက်တမ်းကုန်တာနဲ့တပြိုင်နက် တရုတ်အစိုးရဖက် မြစ်ဆုံကိုဆက်လက်တည်ဆောက်ဖို့အတွက် အခုကတည်းက ပြင်ဆင်နေတဲ့အနေအထားကိုတွေ့ရတယ်။ ဘာလို့ဒီလို လုပ်နေကြသလဲဆိုရင် လွယ်လွယ်နဲ့တော့ ဒီစီမံကိန်းကို အရှုံးမခံပဲ ဆက်လုပ်ချင်တာဖြစ်တယ်”

မြစ်ဆုံရေကာတာစီမံကိန်းအတွင်း အသုံးပြုနေသော စက်ယန္ဒရားများကိုပြန်လည်သယ်ဆောင်သွားကြောင်း ဒေသခံမျက်မြင်များပြောဆိုသော်လည်း ၄င်းသည် ငှားရမ်းထားသောပစ္စည်းများဖြစ်သောကြောင့် ရပ်ဆိုင်းထားချိန်ခဏ ပြန်ပို့ထားပေးခြင်းသာဖြစ်သည်ဟု စာဂျီကသုံးသပ်သည်။

“CPI ရဲ့ပစ္စည်းမဟုတ်ဘူးလေ။ သူတို့အကူအညီတောင်းထားတဲ့ ပစ္စည်းတွေ စက်တွေက စောင့်တာကြာတော့ ပြန်သွားကြတဲ့သဘောပဲ။ CPI ကုမ္ပဏီပစ္စည်းနဲ့ လူတွေကျတော့ ရှိနေတုံးပဲ တွေ့မြင်ရတယ်။ အဲဒါကိုကြည့်ရင်တော့ သမ္မတသက်တမ်းကုန်တာနဲ့ တပြိုင်နက် အင်အားနဲ့လုပ်သွားမယ်ပုံဖြစ်တယ်။ ဒါက နိုင်ငံရေးပေါ်မှလည်းမူတည်တယ် တကယ်လို့ အစိုးရကိုချဉ်းကပ်တာ မြန်ရင်မြန်သလို အမြန်ဆုံးအကောင်ထည်ဖော်လာနိုင်တယ်”

အဆိုပါ လျှပ်စစ်ဓါတ်အား ၆၀၀၀ ကျော် မီဂ္ဂါ၀ပ်ထုတ်လုပ်မည့်ရေကာတာ တည်ဆောက်ခြင်းအားဖြင့် မြန်မာနိုင်ငံ တနိုင်ငံလုံး၏ အဓိကပင်မကြောရိုးဖြစ်သည့် ဧရာဝတီမြစ်သည် မြစ်အောက်ပိုင်းရှိ ပြည်သူလူထုအားလုံးအတွက်လည်း ရေလွှမ်းမိုးမှု ဆိုးကျိုးဖြစ်ပေါ်စေနိုင်သောကြောင့် ဒေသခံများနှင့် ကချင်လူမှုအဖွဲ့အစည်းများက ကန့်ကွက်နေခြင်းဖြစ်ကြောင်းသိရသည်။

သို့သော် အစိုးရနှင့်ပူးပေါင်းကာတရုတ်အစိုးရသည် ထိုဆိုးကျိုးဖြစ်စေမည့်အန္တရာယ်ကိုလျစ်လျူရှုနေခြင်း သာဖြစ် သည်ဟု ဆိုသည်။

“အဲဒီမတိုင်ခင်ကတည်းက သဘာဝပဝန်းကျင်နဲ့ပတ်သက်ပြီး တရုတ် ဖက်ကလည်း သုတေသနပြုပြီးသား ဖြစ်တယ် အစိုးရဖက်ကလည်း ပြုပြီးပြီ ရေကာတာဆောက်လို့မရဘူး နစ်နာဆုံးရှုံးမှု အများကြီး ရှိတယ်လို့ ပြောထားတာဖြစ်ပေမယ့် အခု တရုတ်ဖက်က ပြန်ပြီးသုတေသနတွေပြုတယ်ဆိုတာက ဒီရေကာတာကို ဆက်လက်တည်ဆောက်ချင်တဲ့အတွက် ကြိုပြင်ဆင်ထားတာဖြစ်တယ်လို့မြင်တယ်”

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှ တန်ဖရဲဒေသခံများနှင့် လူမှုအဖွဲ့အစည်းများ ခရစ်ယာန်အဖွဲ့ခေါင်းဆောင်များနှင့် CPI ကိုယ်စားလှယ်များကသီးသန့်တွေ့ဆုံမှုများပြုလုပ်ကာ မြစ်ဆုံရေကာတာဆောက်လုပ်ခြင်းအားဖြင့် အကျိုးရလဒ် ဖွံ့ဖြိုးမှုများဖြစ်စေမည်ဟု မက်လုံးပေးစည်းရုံးခဲ့ကြောင်း ဒေသခံများပြောဆိုသည်။

တရုတ်အစိုးရသည် မည်သည့်အခြေအနေပင်ဖြစ်စေကာမူ ၄င်းတို့နိုင်ငံအတွက် စွမ်းအင်လိုအပ်နေခြင်းကြောင့် မြန်မာအစိုးရနှင့် ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်သွားမည့် အခြေအနေပဲရှိ်သည်ဟု စာဂျီကဆက်လက်သုံး သပ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဖက်လည်း တရုတ်နဲ့ဆက်ဆံရေးပြတ်စဲသွားခြင်းမရှိပါဘူး။ မကြာသေးခင်ကလည်း သမ္မတသိန်းစိန်က တရုတ်ပြည်နယ်ကိုသွားတယ် ဂက်စ်တို့ ရေနံပိုက်လိုင်းတို့ လျှပ်စစ်စွမ်းအားတို့ရဲ့ အကျိုးအမြတ်က သူတို့အတွက်အများကြီးလိုအပ်နေတာကြောင့် ချိတ်ဆက်ထားဦးမှာပဲ။ တရုတ်ပြည်နယ်မှာ တော့ သူတို့ဆီမှာသုံးဖို့စွမ်းအင်တွေ ဘယ်ကမှမရနိုင်တော့ဘူးကုန်နေပြီ။  အဲဒီတော့ လာမဲ့အချိန်မှာ ကမ္ဘာမှာစီးပွားရေးပြိုင်ဆိုင်ဖို့ စွမ်းအင်တွေ ဘယ်ကမှမရနိုင်တော့ဘူး။ ဆိုတော့သူများနိုင်ငံကရအောင်ယူဖို့က မရပ်မနားကြိုးစားနေမှာပဲ။ ဒါကြောင့် ဘယ်လိုမှရပ်လိုက်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကိုအသေး စိတ်မပြပေမယ့် အတွင်းမှာတော့ သူတို့အဲလိုကြိုးစားနေကြတယ်”

ယခုချိန် ပထမဦးဆုံးသောခြေလှမ်း၏ဆိုးကျိုးသည် ရေကာတာကြောင့်ရွှေ့ပြောင်းခံရသော ဒေသခံများကို အစိုးရ Asia World ကုမ္ပဏီနှင့် CPI ကုမ္ပဏီတို့မှ  ၃ နှစ် ကူညီပံ့ပိုးပေးမည်ဟု ပြောဆိုထားသည့်ကိစ္စ အခုခါ၂ နှစ်ခန့်သာကာလတွင်း ဒေသခံများအတွက် စားဝတ်နေရေးအခက်ခဲနှင့် နေအိမ်များခိုင်မှုမရှိခြင်း မိုးရာသီချိန် ရေလွှမ်းမိုးမှုခြင်၊ အိမ်များပြိုခြင်း၊ သီးနှံစိုက်ပျိုးရန်မြေကောင်းမရှိခြင်းတို့ကြောင့် ဆင်းရဲဒုက္ခအမျိုးမျိုး ရင်ဆိုင်ပြီး ထောက်ပံ့မှုလုံလောက်စွာမပေးသောကြောင့် အခက်ခဲဒုက္ခရင်ဆိုင်နေရသည်ဟုဒေသခံများပြော သည်။

ထို့ကြောင့် တရုတ်ပြည်နယ်ကိုအကျိုးဖြစ်စေပြီး မြန်မာနိုင်ငံကိုဆိုးကျိုးဖြစ်စေမည့် ရေကာတာအား ပြန်လည် တည်ဆောက်ရန်ကြိုးပမ်းနေသော CPI အဖွဲ့အား ဒေသခံများနှင့် ကချင်လူမှုအဖွဲ့အစည်း များကလည်း အသီးသီး ကန့်ကွက်မှုများပြုလုပ်နေကြခြင်းဖြစ်သည်။

အဆိုပါမြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းကို နောက်ဆက်တွဲဆိုးကျိုးများသည် အသက်အန္တရယ်ကိုစိုးရိမ်ဖွယ်ရာဖြစ်စေသောကြောင့် ကချင်လူထုနှင့် မြန်မာအနုပညာရှင်အချို့အပါ၀င် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ကန့်ကွက်တောင်းဆိုမှုကြောင့်လည်း ၂၀၁၁ ခုနှစ်က သမ္မတအမိန့်ဖြင့် ရပ်နားခဲ့ခြင်းဖြစ်သည်။

မြစ်ဆုံရေကာတာစီမံကိန်းကို၂ဝဝ၇ နှစ်ကုန်ပိုင်းမှစ၍ အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်အစိုး ရ စွမ်းအင်ရင်းနှီးမြုပ်နှံရေး ကော်ပိုရေးရှင်း CPI တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ခဲ့ရာ ရေလွှမ်းမိုးမှုနှင့် မလွတ်သည့် ကျေးရွာပေါင်း ၄ဝ ကျော်နှင့် လူ ၂ သောင်းခန့်အား နေရာပြန်လည်ချထားရေး စံပြရွာတွင် ပြောင်းရွှေ့ပေးခဲ့သည်။

Most read this week