မြန်မာအစိုးရတပ်နှင့် KIA ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ််

မြန်မာအစိုးရတပ်နှင့် KIA ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ််
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင် တိုက်ပွဲများ မရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုန်ဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၆ နယ်မြေတွင် မြန်မာအစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်းဆိုင်း (ကြူကုတ်) ဒေသမှ KIA တပ်ဖွဲ့များ။

တိုက်ပွဲသည် ဇွန်လ ၁၀ ယနေ့  KIA တပ်ရင်း ၃၆ နယ်မြေ KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့များရှိနေသည့် နေရာ ဖိုင်ကောင်း (Hpai Kawng) ကျေးရွာအစွန်းတွင် ပန်ဆိုင်းနှင့် မုန်ဂိုးဘက်မှ စစ်ရေးလှုပ်ရှားလာသော အင်အား ၁၀၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“ မနေ့က ၁၂ နာရီခွဲက တစ်ကြိမ်။ အဲဒီနောက် ၁၀ မိနစ်လောက်နားပြီး ၂၀ မိနစ်လောက်ပြန်ပစ်တယ်။ အဲဒီနောက် သူတို့အောက်ဘက်ပြန်ဆုတ်သွားတယ်။ အဲဒီနေရာကို ကျနော်တို့ပြန်ပြီးနေရာသွားယူလိုက်တယ်။ သူတို့ဆုတ်သွားပြီး ခရွမ်နဲ့ ကောင်းဆဲမှာသွားနေတယ်။ အခုလဲ သူတို့နဲ့ သိပ်မဝေးဘူး။ နီးနီးလေးပဲ။”

ထို့ပြင် ဇွန်လ ၈ ရက်နေ့ညတွင်လည်း KIA တပ်ရင်း ၃၆ နယ်မြေ KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့များနေရာ ယူထားသော နမ်ဟူး (Nam Hu) ရွာအနီးသို့ လှုပ်ရှားလာသော ခလရ ၁၂၈ တပ်ဖွဲ့များနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIA တပ်မဟာ ၄ အထက်ပိုင်းအရာရှိတစ်ဦးကပြောသည်။

“ည ၁၀ နာရီမှာ တစ်ကြိမ်။ ၁၁ နာရီမှာ တစ်ကြိမ်။ ပြီးတော့ ၉ ရက်နေ့ပေါ့နော် မနက်ပိုင်း ၂ နာရီမှာ တစ်ကြိမ်။ တစ်ခါပစ်ရင် ၁၅ မိနစ်လောက်ပစ်ကြတယ်။ သူတို့က ကျနော်တို့ရဲ့နေရာကိုလာတော့ ကျနော်တို့က ပစ်လိုက်တာပေါ့။”

ဇွန်လ ၉ ရက် တွင်လည်း ထိုနေရာ၌ပင် အဆိုပါတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် မြစ်ကြီးနား ဆွေးနွေးမှုတွင် နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်း သွားရန်နှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနိုင်းဆောင်ရွက်သွားရန် စသဖြင့်ပါ၀င်သော အချက် ရ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးမှုနောက် တစ်ပတ်ခန့်သာ ပစ်ခတ်မှု ငြိမ်သက်ပြီး ယခုပြန်လည် ပစ်ခတ်လာခြင်းဖြစ်သည်။

Most read this week