တရုတ်နယ်စပ် ဒွမ်ဘုန်ဂရွန် ဒုက္ခသည် စခန်းတွင် ၀မ်းပျက်ဝမ်းလျှော များနေ

တရုတ်နယ်စပ် ဒွမ်ဘုန်ဂရွန် ဒုက္ခသည် စခန်းတွင် ၀မ်းပျက်ဝမ်းလျှော များနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက် (အင်မောက်) မြို့နယ် တရုတ်နယ်စပ်ရှိ ဒွမ်ဘုန်ဂရွန် (Dum Bung Krung) မှတ်တိုင်အမှတ် (၃၆) ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး ဆေးဝါးများအရေးတကြီး လိုအပ်နေကြောင်းသိရသည်။

လိုင်ဇာပတ်ဝန်းကျင်မှ ဒုက္ခသည်စခန်း တခု။

၎င်းဒုက္ခသည်စခန်းတွင် ကလေးငယ်များ အယောက် ၁၀၀ ကျော်ရှိသည့်အနက် ၅ နှစ်အောက်ကလေးငယ် များ အများဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြောင်း သိရသည်။

ဒွမ်ဘုန်ဂရွန် (Dum Bung Krung) ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဆေးပေးခန်းတွင်  ပြတ်လပ်လျှက်ရှိသော ဆေးဝါများအရေးတကြီး လိုအပ်နေကြောင်း ဒုက္ခသည်ကြည့်ရှု့နေသူ ဆရာနော်ဂျာ (Sara Naw Ja) ပြောသည်။

“တစ်ယောက်ပြီး တစ်ယောက်ဝမ်းလျှော  နေကြတယ်။ အခုချိန်ထိဘဲ။ ကူးစက်ရောဂါဆိုတော့။ ကျန်းမာရေး ဆေး ခန်းရှိလဲ ဆေးကမရှိတော့ ဘာမှမလုပ်နိုင်ဘူးပေါ့” ဟု ဒုက္ခသည်များအားစောင့်ရှောက်ပေးနေသည့် ဆရာနော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း   ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၆ လ အရွယ်သမိီး ငယ်တဦးသေဆုံး ခဲ့ကြောင်း ၎င်းဒုက္ခသည်စခန်းမှပြောသည်။

ဒွမ်ဗုန်ဂရွန် ဒုက္ခသည်စခန်းသည် ဂျိုင့်နေရာဖြစ်ပြီး လေကောင်းလေသန့် မရရှိသောနေရာ ဖြစ်သည်ဟု ဆိုပါသည်။

ထို့ကြောင့်ယခင်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးမှုများပြားသော နေရာဖြစ်ကြောင်း လည်း နေထိုင်ခဲ့ဖူးသူများကပြောပြသည်။

ဒုက္ခသည်စခန်းမှ နာမကျန်းကလေးငယ်တချို့ မိမိအစီအစဉ်ဖြင့် တရုတ်ပြည်တွင်ဆေး ကုသမှုခံယူ နေသကဲ့သို့ တချို့လည်းလိုင်ဇာသို့ သွားရောက်ကုသနေကြောင်းသိရသည်။

ဒုက္ခသည်စခန်းတွင် ဂရုဏာအဖွဲ့မှ အဓိကအစားအသောက်များကို ကူညီနေသော်လည်း ဆေးဝါးများနှင့် ကလေးများ အားတိုးဆေးများ ကူညီမှုလိုအပ်နေသည်ဟုဆိုပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းတိုင်းတွင် ဝမ်းပျက်ဝမ်း လျှောရောဂါ များဖြစ်ပွားနေကြောင်း သိရသည်။

ဒွမ်ဗုန်ဂရွန် (Dum Bung Krung) မှတ်တိုင်အမှတ် (၃၆) ဒုက္ခသည်စခန်းတွင် ဒုက္ခသည်စုစုပေါင်း ၆၂၅ ဦးရှိပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသောနေရာဖြစ်သည်နှင့်အညီ ကူညီမှုများလိုအပ်နေကြောင်းသိရသည်။

Most read this week