တရုတ်နယ်စပ် မြန်မာကျပ်ငွေတန်ဘိုး တက်၊ တပိုင်တနိုင် ထုတ်ကုန် သွင်းကုန်သမားများ အရှုံးပေါ်

တရုတ်နယ်စပ် မြန်မာကျပ်ငွေတန်ဘိုး တက်၊ တပိုင်တနိုင် ထုတ်ကုန် သွင်းကုန်သမားများ အရှုံးပေါ်
တရုတ်-မြန်မာနယ်စပ် ငွေလဲစျေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ တက်လာသဖြင့် တပိုင် တနိုင်ကုန်သွယ်နေသူများ အရှုံးပေါ်ကာ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်း လုနီးပါးဖြစ်နေ ...

တရုတ်-မြန်မာနယ်စပ် ငွေလဲစျေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ တက်လာသဖြင့် တပိုင် တနိုင်ကုန်သွယ်နေသူများ အရှုံးပေါ်ကာ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်း လုနီးပါးဖြစ်နေသည်။

ပြီးခဲ့သည့်အပတ်က မြန်မာငွေ ကျပ်တထောင်ကို  တရုတ်ငွေ ၆ဒဿမ၃ ယွမ်ဝန်းကျင် ရှိရာမှ ယနေ့ တွင် ရဒဿမ၁ယွမ်အထိ မြန်မာကျပ်ငွေတန်းဖိုး တက်သွားသဖြင့် ကုန်သွယ်ရာတွင် အရှုံးပေါ်မှုများ ရှိနေသည်ဟု ကုန်သည်တဦးက ပြောသည်။

“ မနေ့မနက်က ၆-၉ ပေါက်တယ်။ အခုမနက် ရ-၁ ဆိုတော့ မနေ့ကတည်းက ကုန်ဝယ်ဖို့ တရုတ်ငွေ ယူထားတဲ့သူတွေ နာတာပေါ့။ အခုက မြန်မာငွေစျေးကောင်းနေတော့  မြန်မာ ဘက်ကို ငွေပြန်လွှဲတဲ့ သူတွေ မရှိသလောက် ဖြစ်သွားပြီ။ အရောင်းဝယ်က အတော်အေးသွား တယ်။ ဗမာဘက်က ဆေးဝါးတို့၊ ဆန်တို့၊ အချိုရည်တို့ စားသောက်ကုန်တွေမှာပြီး ဒီမှာ ရောင်းတဲ့သူတွေလည်း ခက်တာဘဲ။ ဥပမာ ဒီကအချဉ်ထုတ်ဆို မူဆယ်ဘက်ကနေ လှမ်းမှာပြီး ရောင်းတာ။ ငါးဂျော့ (ဒဿမ ၅ယွမ်) နဲ့ အရင်ကရောင်းနိုင်တယ်၊ အခု နှစ်ထုတ် တယွမ်ခွဲ၊ သုံးထုတ် နှစ်ယွမ်ရောင်းမှ ကိုက်တာ။ ဆိုတော့ ၀ယ်တဲ့သူလည်း မဝယ်ချင်တော့ဘူးလေ။ ”

မြန်မာကျပ်ငွေတန်ဘိုး တက်သော်လည်း ပြည်တွင်းစျေးကွက် အေးနေသောကြောင့် အရောင်းအဝယ် လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်ကာ သွင်းကုန်လုပ်ငန်းရှင်များလည်း တွက်ချေ မကိုက်ဖြစ်နေသည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

 “ အရင်ကဆို ဗမာငွေတန်းဘိုးတက်ရင်တက်သလို မြန်မာပြည်အတွင်းကနေ သိန်းတရာဆို တရာ၊ (၅၀) ဆို (၅၀)ပေါ့။ စသဖြင့် ဖုန်းနဲ့ ငွေလှဲတဲ့ဆီကို လှမ်းချိတ်တာရှိတယ်။ အခုမရှိတော့ ဘူး။ ပြည်တွင်းစျေးကွက်က အေးတာလည်း ပါတယ်။ အခြေအနေက ဘယ်လိုမှန်းမသိဘူး။ ငွေစျေးက တက်နေရာကနေ ပြုတ်ကျရင် နာမှာလဲစိုးဆိုတော့ ကံစမ်း ရသလိုဖြစ်နေတာ။”

ပြီးခဲ့သည့်လ (၂၆)ရက်နေ့တွင်ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့မတိုင်မီက မြန်မာငွေ ကျပ် တစ်ထောင်ကို တရုတ်ငွေ ၅ဒဿမ၃ ယွမ်သာရှိနေရာမှ မြန်မာငွေစျေးတက်သွားခဲ့ပြီး ပြန်မကျတော့ပဲ ကျပ်တစ်ထောင်ကို (၇)ယွမ်ကကျော်အထိ ထိုးတက်လာခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် နှစ်သစ်ကူးတွင် မြန်မာငွေစျေးတက်လေ့ရှိသော်လည်း ပြန်ကျသွားလေ့ရှိသည်။

Most read this week