KIA စစ်ဗိုလ် မသင်္ကာမှုဖြစ် ဖမ်းဆီးထားသော ဒုက္ခသည်စခန်းမှ လူအားမှန်ကန်သောတရားရုံး ဆုံးဖြတ်ချက်ဖြင့် ပြန်လွှတ်ပေးဖို့ စခန်းတာဝန်ခံပြော

KIA စစ်ဗိုလ် မသင်္ကာမှုဖြစ် ဖမ်းဆီးထားသော ဒုက္ခသည်စခန်းမှ လူအားမှန်ကန်သောတရားရုံး ဆုံးဖြတ်ချက်ဖြင့် ပြန်လွှတ်ပေးဖို့ စခန်းတာဝန်ခံပြော
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ဗိုလ်ကြီးဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းမှ ဦးလထော်ဘရန်ရှောင် (Salang Lahtaw Brang Shawng) ကို တစ်ပတ်အတွင်း လွှတ်ပေးမည်ဟု  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ပြောခဲ့ကြောင်း သိရသည်။

အစိုးရနှင့် KIO အဖွဲ့များ မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီး နောက်ရက် မေလ ၃၁ ရက် နေ့တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားနှင့် ဦးအောင်မင်းတို့အဖွဲ့ ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းသို့ ရောက်ရှိကြစဉ် ဦးဘရန်ရှောင်အား  လွှတ်ပေးရန် တင်ပြခဲ့ချိန် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းဒုက္ခသည်စခန်း တာဝန်ခံ ဆရာအောင်မြတ် က ပြောသည်။

“ကျနော်က သူ့ကို စစ်မှန်တဲ့နည်းလမ်းနဲ့ တရားစီရင် ဆုံးဖြတ်ပေးဖို့တောင်းဆိုတယ်။ လွှတ်ပေးဖို့တောင်း ဆိုတာ မဟုတ်ဘူး။ ဒါပေမဲ့ သူပြန်ဖြေတာက ဖွဲ့စည်းပုံအရ နိုင်ငံတော် အုပ်ချုပ်မှုပိုင်းနဲ့ တရားစီရင်ရေးပိုင်းက သပ်သပ်စီပဲ။ အဲဒါကြောင့် တရားရုံးကပြီးတာနဲ့ တစ်ပတ်အတွင်းလွှတ်ပေးမယ်ဆိုပြီး ပြောတယ်” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

၂၀၁၂ ယမန်နှစ် ဇွန်လ ၉ ရက်နေ့ညက အမှတ်(၁) ရဲစခန်းမှ ဦးဘရန်ရှောင်အား  ဖောက်ခွဲမှုဖြင့် ဂျန်မိုင်ကောင် (Jan Mai Kawng) စစ်ပြေး ဒုက္ခသည်စခန်းမှ ဖမ်းဆီးသွားပြီးနောက် KIO နှင့်ပတ်သက်သည် ဟုဆိုကာ ၁၇/၁ ပုဒ်မဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

ထို့ကြောင့် ပြန်လွှတ်မည်ဆိုသော်လည်း အမှန်ကိုအမှန်တိုင်း တရားစီရင်ကာ လွှတ်မြောက်ပေးရန် လိုလားကြောင်း ဆရာအောင်မြတ်က ဆက်ဆိုသည်။

“သူတို့ပြောသလို တရားရုံးမှာဆုံးဖြတ်ပြီးရင် လွှတ်တော့လွှတ်ပေးမယ်။ ဒါပေမဲ့ ဦးဘရန်ရှောင်ကဘယ်လို လူလဲ ဆိုတာကို တရားမျှတမှုနဲ့ လွှတ်ပေးဖို့ လိုလားတယ်။ အခုသူတို့က KIO ဗိုလ်ကြီးဖြစ်တယ်ဆိုပြီး စွပ်စွဲထားတယ်။ သူဗိုလ်ကြီး ဟုတ်မဟုတ်ကိုလည်း သူတို့စစ်ပြီးပြီ အကုန်လုံးသိတယ်။ ဒါပေမဲ့ အဲလိုပဲဖမ်းထားတယ်။ လွှတ်ပေးဖို့လိုပါတယ်။ မှန်ကန်တဲ့တရားရုံးဆုံးဖြတ်ချက်နဲ့ လွှတ်ပေးဖို့ ကျနော်တို့လိုချင်တယ်။ အဲဒါကို စောင့်နေတယ်။”

ဦးအောင်မင်းအစိုးရအဖွဲ့တို့သည် ထိုနေ့တွင် ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းအတွက် အလှူငွေ ၈၁၂၀၀၀ ကျပ်၊ ကျောင်းသားများအတွက် ကြက်ခြေနီတံဆိပ်ကပ်သော လွယ်အိတ် ၂၇ အိတ်နှင့် ဆန်အိတ် ၂၀ ကူညီပေးခဲ့ကြောင်း သိရသည်။

ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းတွင် အိမ်ထောင်ဦးရေ ၂၀၃၊ လူဦးရေ ၉၅၂ ဦးရှိပြီး ယခုချိန် ၎င်းတို့၏ အစားအသောက်အတွက် ငွေကြေးများ ကူညီပေးရန်လိုအပ်နေကြောင်း တာဝန်ရှိသူများမှ သိရသည်။

Most read this week